MT News
Written by Nyein Kyaw
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် တစ်လကို လျှပ်စစ်မီတာခ ကျပ်သိန်း ၁၅၀၀ ကျော် ကုန်ကျမှုရှိပြီး အခြားသန့်ရှင်းရေး၊ ရေ၊ မီး၊ ဝန်ထမ်းစရိတ်များလည်း ကုန်ကျမှုရှိသဖြင့် ပြုပြင်ထိန်းထိမ်းခ ကုသိုလ်အလှူငွေသဘောဖြင့် ဝင်ကြေးငွေကောက်ခံခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် SAC သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။
“လျှပ်စစ်မီတာခပေါ့ တစ်လကို သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားလောက် ကျပါတယ်။ ကျန်တာမပါသေးဘူး။ သန့်ရှင်းရေး၊ ရေ၊ မီး၊ ဒီဝန်ထမ်းတွေ ကျွန်တော်တို့ခန့်အပ်မှာဖြစ်ပါတယ်။ အနည်းဆုံး ၆၀၀ နဲ့ ၇၀၀ ကြားလောက် ခန့်ရမယ့်အနေအထားမှာ ရှိပါတယ်။ ဒီကုန်ကျစရိတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ကသုံးဖို့ မူဝါဒအရလည်းမဖြစ်နိုင်ပါဘူး။ ထုံးစံလည်းမရှိဘူး။ ဘယ်ဘုရား၊ စေတီမှာမှလည်း ထုံးစံမရှိဘူး။ ယခင်ကလည်းမရှိခဲ့ဖူးပါဘူး။ ဒါကြောင့်မို့ ဖူးမြော်ကုသိုလ်ယူသူများအနေနဲ့ ကုသိုလ်ပြုခွင့်ပေါ့နော်။ တစ်ထောင်ကျပ်။ ကျွန်တော်တို့ ကောက်ခံတာဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားကျောင်းသူအစုအဖွဲ့၊ ရဟန်းသံဃာအစုအဖွဲ့တွေကိုတော့ အခမဲ့ဖြစ်ပါလိမ့်မယ်။ ဝန်ထမ်းများကတော့ ဝန်ထမ်းကတ်နဲ့ ၅၀ ရာခိုင်နှုန်း ကောက်ခံတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဝင်ကြေးကောက်ခံမှုတွင် ဖုန်းအတွက် အခကြေးငွေကောက်ခံမှုများနှင့် ပတ်သက်ပြီး ဖြေလျှော့မှုများ ပြုလုပ်ပေးထားသော်လည်း Professional အဆင့်အထိ ရိုက်ကူးရေးဆောင်ရွက်နိုင်သော ဖုန်းအမျိုးအစားများအတွက်ကိုမူ အခကြေးငွေကောက်ခံသွားနိုင်ရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။
“တချို့လည်း ပြောတာရှိပါတယ်။ ဖုန်းနဲ့ပတ်သက်လို့ ဖုန်းကြေးကောက်ခံတယ်တို့ ဘာတို့။ ဖုန်းနဲ့ပတ်သက်လို့ သာမန်ဖုန်းသုံးနေတဲ့ဖုန်းဆို ကိစ္စမရှိပါဘူး။ အခုခေတ်မှာကျ တချို့သောဖုန်းတွေက Professional ကင်မရာတွေလောက်နီးပါးကို ကောင်းတာတွေရှိတယ်။ ဒီဖုန်းနဲ့ပဲ Video အတိုလေးတွေရိုက်တာတို့ ဇာက်ကားရိုက်တင်တာတို့ တွေ့ပါလိမ့်မယ်။ ဒါမျိုးလုပ်နိုင်တာတွေဆိုရင် တစ်နည်းတစ်ဖုံစဉ်းစားမှာဖြစ်ပါတယ်။ အများပြည်သူ သာမန်သုံးနေတဲ့ဟာတွေဆိုရင်တော့ တစ်မျိုးစဉ်းစားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အနှစ်ချုပ်ပြီးပြောရရင် ခုနကဝင်ကြေးပေါ့။ ဝင်ကြေးဆိုတာထက် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခွင့်ရခြင်းလို့သာ ဖြစ်တယ်လို့ ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများအား စက်တင်ဘာ ၃ ရက်အထိ နေ့စဥ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး အခမဲ့ဖူးမြော်ခွင့် ပေးထားသည့်ရက် ကျော်လွန်ပါက ဝင်ရောက်လေ့လာဖူးမြော်သူများကို ဝင်ကြေးကောက်ခံသွားမည်ဖြစ်သည်။
လူကြီးတစ်ဦးလျှင် ၁,၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် (ရင်ခွင်ပိုက်မပါ) ၁,၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာအတွက် ၅,၀၀၀ ကျပ်၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding) အပါ ၅၀,၀၀၀ ကျပ် (နာရီဝက်ပိုတိုင်း ၅,၀၀၀ ကျပ်)၊ ယာဉ်ဝင်ခွင့် တစ်စီးလျှင် (ကား Parking အထိ) ၂၀,၀၀၀ ကျပ်နှင့် Buggy တစ်စီးလျှင် (လေးယောက်စီး) တစ်နာရီ ၁၀,၀၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။