ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၂၉၂၀ ဖြင့် ဝယ်ယူရရှိပြီး ပြင်ပအမြင့်ဈေးဖြင့် တွက်ချက်ရောင်းချသူများကို ဝိသမလောဘသားများအဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟု ဆို
၂၂. ၈. ၂၀၂၃
အစိုးရနှင့် ဗဟိုဘဏ်တို့မှ ထောက်ပံ့ကူညီမှုကို ရယူထားသော်လည်း တချို့ဘဏ်များ သစ္စာမရှိမှု တွေ့ရှိရသဖြင့် လက်ရှိငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် ဘဏ်များနှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)တို့ ပူးပေါင်းပြီး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့် SAC သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
“ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးပြိုလဲမှာဖြစ်တဲ့အတွက် ဘဏ်တွေ အခုလက်ရှိ ရှိနေတဲ့ဘဏ်တွေကို ကျွန်တော်တို့အနေနဲ့ အကူအညီပေးခဲ့တာတွေ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က အကူအညီပေးနိုင်သမျှ အကူအညီပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ ခုအချိန်မှာ အဲဒီထဲက တချို့သောဘဏ်တွေကလည်း သိပ်တော့သစ္စာမရှိဘူး။ သစ္စာတော့သိပ်မရှိဘူး။ အဲဒီတော့ ခုနကပြောတဲ့ တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဘဏ်ရယ်၊ UMFCCI ရယ် ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိတယ်။ သူတို့လုပ်ဆောင်ချက်အပေါ်မှာ ကျွန်တော်တို့ကြည့်နေတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ဗဟိုဘဏ်မှ ထုတ်ရောင်းပေးနေသည့် တစ်ဒေါ်လာ ကျပ် ၂၉၂၀ ဖြင့် ဝယ်ယူရရှိသည့် ကုန်ပစ္စည်းများကို ပြင်ပအမြင့်ဈေးနှုန်း တစ်ဒေါ်လာ ၃၅၀၀ ကျော်ဖြင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေသည့် သွင်းကုန်လုပ်ငန်းရှင်များကိုလည်း SAC အစိုးရအနေဖြင့် ဝိသမလောဘသားအဖြစ် သတ်မှတ်ပြီး ထိုက်သင့်သည့် ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြည်သူလူထုကို နားလည်အောင်ပြောရရင် ဝိသမလောဘဆိုတဲ့ စကားပြောကြတယ်။ ဒုဝန်ကြီးတွေ ဆွေးနွေးတဲ့အခါမှာ အမြဲတမ်းအတွင်းဝန်တွေ ဆွေးနွေးတဲ့အခါမှာ ပြောတော့ကျ အသံက ဘာထွက်လာဦးမလဲဆိုတော့ အစိုးရက သာမန်ရိုးသားတဲ့ ကုန်သည်တွေကို ဝိသမလောဘသားလို့ စွပ်စွဲဟု ခေါင်းစဉ်တွေတပ်လာဦးမယ်။ ခင်ဗျားတို့ စဉ်းစားကြည့် ၂၉၀၀ နဲ့ ရောင်းပေးတဲ့ဈေး။ အစိုးရက ၂၉၀၀ နဲ့ ဝယ်တယ်။ ၂၉၂၀၊ ၂၉၂၂ ကျပ်နဲ့ ရောင်းပေးတယ်။ ဘဏ်လုပ်ငန်းဝန်ဆောင်ခပဲကွာတယ်။ သို့သော်လည်းအပြင်မှာ ဘယ်ဈေးနဲ့ သူတို့က ဘယ်ဈေးနှုန်းနဲ့ ညှိပြီးရောင်းနေလဲဆိုရင် ညှိပြီးရောင်းနေတဲ့ဈေးတွေသည် အခုလက်ရှိ ပြင်ပမှာဖြစ်နေတဲ့ ဒေါ်လာပေါက်ဈေး ၃၅၀၀ ကျော်ပေါက်ဈေးနဲ့ပဲ အနည်းဆုံးညှိပြီးရောင်းနေတာတွေ့ရတယ်။ အဲဒီလိုလူတွေကိုမှ ဝိသမလောဘသားလို့မခေါ်ရင် ကျွန်တော်တို့ ဘယ်ဟာကိုခေါ်ရမလဲ။ အစိုးရအနေနဲ့ စွပ်စွဲနေတာမဟုတ်ဘူး။ အထောက်အ ထားနဲ့ ပြနေခြင်းဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ထိုက်သင့်တဲ့ ဆောင်ရွက်မှုမျိုးတွေ ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အချို့သောသွင်းကုန်လုပ်ငန်းရှင်များသည် ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့် ရောင်းချပေးသည့် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ နှုန်းဖြင့် ဝယ်ယူရရှိသော်လည်း ပြင်ပအမြင့်ဈေးနှုန်းဖြင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေသဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။