၂၂. ၈. ၂၀၂၃
Written by Nay Moe
နေပြည်တော်သို့ လမ်းများဆီ ဆိုပြီး NUG ရဲ့ တိုက်ပွဲဖော်ဆောင်မှုအပေါ် အရူးပြောတဲ့စကား မှန်တယ်လို့ ဒီနေ့ကျင်းပတဲ့ နစကရဲ့ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုတိယဝန်ကြီးနဲ့ နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန် လှောင်ပြောင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ က စပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသူ ဦးရည်မွန်က သူတို့ NUG၊ PDF တွေရဲ့ လမ်းအားလုံးနေပြည်တော်သို့ ဆိုတဲ့ စစ်ရေးစီမံချက်ကို ချပြခဲ့ပြီး နေပြည်တော်ကို ဦးတည်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ ပြောခဲ့အပြီးမှာ ဒီလဝက်မှာ သံတောင်ဘို့မစခန်းကို PDF တွေ ဝင်သိမ်းတယ်လို့ သတင်းထုတ်ခဲ့သလို ရန်ကုန်-မန္တလေး မီးရထားလမ်း ကညွတ်ကွင်းနဲ့ တောကျွဲအင်း လမ်းပိုင်းအကြား အစုန်ကုန်တင်ရထားတွဲတစ်စီး မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် အများပြည်သူခရီးစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ ဒီနေ့မှာလည်း PDF တွေက ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းအကြား ရန်ကုန်-မန္တလေး မြန်မာမီးရထားလမ်း ရထားလမ်းမိုင်တိုင် ၁၁၇/ ၈ နဲ့ ၁၁၇/၉ အကြားမှာ မိုင်းခွဲခဲ့တယ်လို့ ကနဦးသတင်းတွေ ထွက်နေပြီး ဒီလိုမျိုး လုပ်ရပ်တွေက အစိုးရကို ထိခိုက်တာမဟုတ်ဘဲ ပြည်သူကိုပဲ ထိခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါသေးတယ်။
“နေပြည်တော်သို့ လမ်းများဆီဆိုတာ မှန်တယ်။ ဘာမှန်တာလဲဆိုတော့ ခင်ဗျားလည်း မြင်နေတာပဲ။ ဘုရားကြီးကို လာဖူးနေတာ။ အနယ်နယ်အရပ်ရပ်က လာဖူးနေတာ။ တစ်ခါတလေ အဲဒီအရူးတွေပြောတာ တကယ်မှန်တယ်။ နေပြည်တော်က လမ်းများဆီ ကျွန်တော်တို့လည်း TV အဖွဲ့တွေနဲ့ သွားပြီး ရိုက်နေတာပဲ။ ရိုက်နေတဲ့အခါကျတော့ တော်တော်လာပါတယ်။ ကယားပြည်နယ်ဘက်ကလည်း လာတာတွေ့ရတယ်။တနင်္သာရီဘက်က လာတာလည်း တွေ့ရတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေလာတယ်။ အဲဒီတော့ သူတို့ပြောတဲ့ နေပြည်တော်သို့ လမ်းများဆီဆိုတဲ့ အဲဒီတစ်ချက်ကတော့ မှန်တယ်။ အခုနကပြောတဲ့ သံတောင်ဘို့မမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ ဒီနဲ့ ဝေးပါတယ်။ နေပြည်တော်နဲ့ဆို အရှေ့တောင်ပေါ့။ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့တော့ ဆက်စပ်မှုရှိပါတယ်။ ဒီဟာကလည်း ကယားပြည်နယ်ဘက်က PDF အကြမ်းဖက်အဖွဲ့လို့ပဲမြင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လုံခြုံမှုရှိအောင် ဆောင်ရွက်ပြီးပြီလို့ပဲ ပြောချင်ပါတယ်။ အခုနက ပြောတဲ့ ရန်ကုန်- မန္တလေးရထားလမ်းဖြစ်စဉ်ကလည်း မှန်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်- မန္တလေး ရထားလမ်း တောကျွဲအင်းနဲ့ ဖြူးမြို့ ကညွတ်ကွင်းဘူတာအနီးမှာ မိုင်းဆွဲခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တာရှိပါတယ်။ KNU အနေနဲ့က အရင်ကလည်း သတိပြုမိမှာဖြစ်ပါတယ်။ ဟိုဘက်မှာ(ကရင်ပြည်နယ်ဘက်မှာ) စစ်ရေးများလာပြီဆိုရင် မြေပြန့်ကို ဆင်းပြီးတော့ အရင်ကလည်း လုပ်တယ်။ ရထားလမ်းကို မိုင်းထောင်မိုင်းခွဲလုပ်တာမျိုးတွေ လုပ်လေ့လုပ်ထရှိပါတယ်။ အနည်းဆုံးတော့ KNU နဲ့ PDF ပူးပေါင်းအဖွဲ့လို့ပဲ မြင်ပါတယ်။ ရထားလမ်းနဲ့ ပတ်သက်လို့ တချို့နေရာတွေမှာတော့ စစ်တောင်းမြစ်နဲ့ ကပ်သွားတဲ့နေရာတွေရှိတယ်။ အဲဒီနေရာကိုတော့ လုံခြုံရေး တော်တော်လေးဂရုစိုက်ရပါတယ်။ ရထားလမ်းနဲ့ ပတ်သက်ပြီး ၁၈ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ အခုတော့ ရထားလမ်းကို ယာယီသံလမ်းခင်းတာတွေ လုပ်ပြီးဖြစ်ပါတယ်။ ကုန်ရထားတွဲဆိုင်းတွေ စမ်းသပ်မောင်းနှင်ပြီးဖြစ်ပါတယ်။ ၂၀ ရက်နေ့မှာတော့ ကျွန်တော်တို့ ပြန်ပြီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး အများပြည်သူခရီးသွားများ အသုံးပြုနေတဲ့ ရထားလမ်းတို့ ကားလမ်းတို့ လုပ်တယ်ဆိုတာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ အစိုးရနဲ့ ဘာမှမဆိုင်ဘူး။ အစိုးရနဲ့ ဘာမှမဆိုင်ဘူးဆိုတာက ဒါသည် အစိုးရကို ထိခိုက်စေတာ မဟုတ်ဘဲ ပြည်သူလူထုကို ထိခိုက်စေတာဖြစ်တယ်။ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးကိုလည်း ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတားဆီးကြဖို့ သတင်းပေးကြဖို့လိုတယ်လို့ပဲ မေတ္တာရပ်ခံပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။