၂၂. ၈. ၂၀၂၃
Written by Thettant
နာဂစ်မုန်တိုင်းထက် ပြင်းထန်သည့် အလွန့်အလွန်အန္တရာယ်ကြီးမားသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ ဘေးဒဏ်ခံပြည်သူများအတွက် ပြည်တွင်းပြည်ပအလှူရှင်များက လှူဒါန်းမှု ကျပ် ၃၃ ဘီလျံကျော်နှင့် ဒေါ်လာ ၇ သိန်းခွဲကျော် ရရှိခဲ့သည်ဟု ယနေ့ ၂၂ ရက်တွင် ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အလှူငွေရရှိမှုအနေဖြင့် အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းများသို့လည်းကောင်း၊ မိုဘိုင်းစနစ်ဖြင့် (KBZ pay ၊ AYA Pay ၊ CB Pay ၊ UAB Pay ၊ OK dollar ၊ Citizen Pay၊ Wave Money) တို့ဖြင့်လည်းကောင်း ပြည်တွင်း/ ပြည်ပ နိုင်ငံအစိုးရများအလှူရှင်များက လွှဲပြောင်းလှူဒါန်းခြင်း၊ သက်ဆိုင်ရာဌာနများသို့ လူကိုယ်တိုင်ရောက်ရှိ လှူဒါန်းခြင်းဖြင့်လည်းကောင်း လှူဒါန်းခဲ့ရာ ဩဂုတ် ၂၁ ရက်နေ့အထိ မြန်မာငွေကျပ် ၃၃ ဘီလျံကျော်နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၅၆,၇၁၄ ဒသမ ၆၂ ရရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် အစိုးရတာဝန်ရှိသူများထံ လှုဒါန်းခြင်းမဟုတ်ဘဲ မိုခါမုန်တိုင်းသင့်ပြည်သူများထံ တိုက်ရိုက်လှူဒါန်းသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာဘဏ်နှင့် GRADE အဖွဲ့က ပြောကြားထားပြီး ပျက်စီးဆုံးရှုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး (Total Direct Damages) သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံခန့်ရှိနိုင်ပြီး အဆိုပါထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၏ ဂျီဒီပီ စုစု ပေါင်း၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်းလည်း Global Rapid Post-Disaster Damage Estimation (GRADE) အဖွဲ့ နှင့်ကမ္ဘာဘဏ်တို့၏အစီရင်ခံစာက ဖော်ပြထားသည်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအနက် လူနေအိမ်ယာအဆောက်အဦ ထိခိုက်ပျက်စီးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၆ ဘီလျံ၊ လူနေအိမ်ယာမဟုတ်သော အဆောက်အဦများပျက်စီးမှုက အမေရိကန်ဒေါ်လာ ၄၁၀ သန်း၊ အခြေခံအဆောက်အဦများထိခိုက်ပျက်စီးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၄၉၀ နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိနေကြောင်းသိရသည်။ မိုခါမုန်တိုင်းကြောင့် နေအိမ်ပေါင်း ၂၆၂,၉၅၄ အိမ်၊ ဘာသာရေးအဆောက်အဦပေါင်း ၃,၀၅၇ခု၊ စာသင်ကျောင်းပေါင်း ၁,၈၉၂ကျောင်း၊ ဆေးရုံနှင့်ကျန်းမာရေးအဆောက်အဦ ၄,၄၄ ခု ထိခိုက် ပျက်စီးခဲ့ရသလို တိရစ္ဆာန်အကောင်ရေ ၂၉၉,၃၃၇ ကောင်၊ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၇ ခုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဓာတ်တိုင်ပေါင်း ၈,၆၉၃ ခု ပျက်စီးခဲ့ရကြောင်း အမျိုးသားသဘာဝ ဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီ NDMC က ဖော်ပြထားသည်။