၂၁. ၈. ၂၀၂၃
Written by Naing Thuta
ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ ဘုံပျံတောရဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေးတွင် ယနေ့မနက်ပိုင်းက အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေကြောင်း လောကပါလလူမှုရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ ဘုံပျံတောရဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေးတွင် ယနေ့(ဩဂုတ် ၂၁ ရက်) မနက် ၉ နာရီကျော်က အဘွားအိုတစ်ဦး လဲကျသေဆုံးနေသည်ဟု ရပ်ကွက်နေပြည်သူများမှ သက်တိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးသောအဖွားအိုမှာ အသက် ၇၀ ကျော်အရွယ်ရှိပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့်အတွက် အဘွားအို၏ရုပ်အလောင်းအား မိသားစုဝင်များ၏ ခွင့်ပြုချက်အရ လောကပါလ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် တောင်အင်းမြောင်အင်း သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အခုက အပူအအေးမမျှတော့ ရုတ်တရက်သွေးဆောင့်တက်ပြီး သေသွားတာပဲဖြစ်မယ်လို့ ပြောသံတွေကြားတာပဲ။ သက်ဆိုင်ရာက လာစစ်ဆေးစစ်ကြည့်တော့လည်း ပြင်ပဒဏ်ရာရထားတာ မတွေ့ဘူးလို့ပြောတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ မသိသလို သူလဲကျတာကိုလည်း ဘယ်သူမှမမြင်ဘူးလို့ ပြောကြတယ်။ သေသွားတဲ့အဖွားဘေးမှာ ပလပ်စတစ်အဝါအိတ်တစ်လုံး၊ အဖြူအိတ်တစ်လုံးနဲ့ သပြေပန်းတစ်စီးတော့တွေ့တယ်။ လာရောက်ကူညီပေးတဲ့ လောကပါလလူမှုရေးအသင်းကတော့ မိသားစုကို ရှာဖွေဆက်သွယ်ပေးပြီး မိသားစုတွေက ဆေးရုံကြီးမှာ စစ်ဆေးမှုမလုပ်တော့ပါနဲ့လို့ပြောတယ်။ အဲ့ဒါကြာင့် မိသားစုဝင်တွေသဘောဆန္ဒအရ သုသာန်သာ ပို့ပေးလိုက်တယ်လို့ကြားတယ်”ဟု သေဆုံးသူအနီး နေထိုင်သူတစ်ဦးက MT News သတင်းဌာန၏ မေးမြန်စုံစမ်းမှုကို ယခုလို ဆိုသည်။
ဓာတ်ပုံ- လောကပါလ လူမှုကူညီရေးအသင်း