၂၂. ၈. ၂၀၂၃
ကိုကျော်(မင်းဘူး)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊အမှတ် (၁)ရပ်ကွက်၊ ရေနံပြင်ရပ်တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀)ကျော်ကတည်းက နေအိမ်ဝိုင်းများအတွင်းရှိ မြေကြီးထဲမှစိမ့်ထွက်လာသည့် သဘာဝဓာတ်ငွေ့ဖြင့် မြေတွင်းမီးဖိုလေးများ ပြုလုပ်သုံးစွဲနေကြကြောင်းကို မင်းဘူးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ရေနံပြင်ရပ်နေသူတို့ထံက သိရသည်။
အဆိုပါ ရေနံပြင်ရပ်ကွက်တွင်လည်း နေအိမ်တိုင်းတွင် သဘာဝဓာတ်ငွေ့ထွက်ရှိခြင်းမဟုတ်ဘဲ၊ ဓာတ်ငွေ့ထွက်ရှိသောနေရာ(၄)နေရာ(၅)နေရာသာ ထွက်ရှိကြောင်း သိရသည်။
” ဒီမီးဖိုလေးတွေအသုံးပြုလာတာ ကြာခဲ့ပါပြီ။ ဘာအန္တရာယ်မှလည်း မဖြစ်ခဲ့ဖူးပါဘူး။ မြေကြီးထဲကနေ သဘာဝအတိုင်းထွက်ရှိနေတာကို အသုံးပြုကြတာပါ။ ရပ်ကွက်ထဲမှာ ဒီမီးဖိုလေးတွေကို အရင်ကတော့ နေအိမ်တွေ အတော်များများအသုံးပြုကြတာပါ။ ခုနောက်ပိုင်း မီးသုံးစွဲတာတွေကို ဟိုကလာစစ်၊ ဒီကလာစစ်လိုက်နဲ့ တချို့အိမ်တွေကကြောက်ကြပြီး အသုံးမပြုတာတွေရှိတယ်။ ကျွန်မကတော့ ထင်း၊ မီးသွေးကုန်ကျစရိတ်မရှိအောင် ယနေ့တိုင်အသုံးပြုနေပါတယ်”ဟု မင်းဘူးမြို့ရေနံပြင်ရပ်နေ ဒေါ်လှအေးက ပြောသည်။
ထို သဘာဝဓာတ်ငွေ့မီးဖိုအတွက် သဘာဝဓာတ်ငွေ့ထွက်ရှိသည့် နေရာရှာကာ မြေပြင်၌ သဘာဝဓာတ်ငွေ့(ဂက်စ်)အနံ့ရသည့်နေရာကို သစ်သားမီးခြစ်ဆံနှင့် မီးခြစ်ပြီးရှာရကာ သဘာဝဓာတ်ငွေ့တွေ့ပါက တစ်တောင်ပတ်လည်ကျင်းတူး၍ သံပြား၊ သံပုံးတို့ဖြင့်ဖုံးအုပ်ကာ ဓာတ်ငွေ့စုရကာ ဓာတ်ငွေ့ထွက်ရှိသည့်နေရာမှ မီးဖိုနေရာအထိပိုက်သွယ်ပြီး မီးဖိုနေရာ ဘဲလ်ခေါင်းတပ်ကာအသုံးပြုကြခြင်းဖြစ်သည်ဟုလည်း ဒေါ်လှအေးက ရှင်းပြသည်။
“ရေနံပြင်ရပ်ထဲမှာ မြေကြီးထဲကထွက်တဲ့ ဓာတ်ငွေ့နဲ့ မီးဖိုလေးတွေအသုံးပြုတာ နှစ်ပေါင်း(၄၀၊၅၀)လောက်ရှိခဲ့ပါပြီ။ ဓာတ်ငွေ့ထွက်ရှိတဲ့နေရာကနေ ပိုက်သွယ်ပြီး ပိုက်ဆက်နေရာ (T)ပိုက်ဆက်ခံပြီး နေအိမ်(၂)အိမ်(၃)အိမ်ခွဲသုံးကြတယ်။ နှစ်ပေါင်းများစွာသုံးစွဲလာတာ မြေငလျင်လှုပ်ခတ်ပေမဲ့ ဓာတ်ငွေ့မထွက်တော့တာ၊ ဓာတ်ငွေ့ခမ်းသွားတာ၊ ဓာတ်ငွေ့လျော့နည်းသွားတာမရှိခဲ့ဘူး။ ဓာတ်ငွေ့ပုံမှန်ထွက်ရှိနေတာဘဲ။ မီးဖိုကမီးတောက်ကလည်း (၁)တောင်မကျော်ဘူးလေ၊ အန္တရာယ်မဖြစ်အောင် သတိလေးနဲ့သုံးစွဲကြဖို့ အမြဲသတိပေးနေပါတယ်”ဟု မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးအေးလွင် ကပြောပြသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိမှု့မှာ မင်းဘူးမြို့ပေါ်ရှိ အခြားရပ်ကွက်၊ ကျေးရွာများတွင် မထွက်ရှိဘဲ ရေနံပြင်ရပ်ကွက်တွင်သာထွက်ရှိကြောင်း၊ မိုးတွင်းကာလများတွင် ကျင်းများအတွင်း မိုးရေဝင်ကာ ဓာတ်ငွေ့ထွက်ရှိမှု့ရပ်တန့်ခဲ့သော်လည်း ရေများခမ်းခြောက်ပါက ဓာတ်ငွေ့ပြန်လည်ထွက်ရှိကြောင်းကို မင်းဘူးမြို့၊ ရေနံပြင်ရပ်ကွက်နေသူတို့ထံက သိရသည်။