၂၁. ၈. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့ရှိ အထက(၃၅)ကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးကို ခွေးရူးဟုယူဆရသောခွေး(ခွေးလေခွေးလွင့်)တစ်ကောင်က ကိုက်လိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြ၍ ဆေးကုသမှုခံယူနေရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အထက(၃၅)ကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူကလေးငယ် ၄ ဦးကို ယနေ့(ဩဂုတ် ၂၁ ရက်)မနက် ၁၀ နာရီ ၂၀ ခန့်က ခွေးရူးဟု ယူဆရသော အနက်ရောင် ခွေး(ခွေးလေခွေးလွင့်) တစ်ကောင်က ကိုက်ပြီး ထွက်ပြေးသွားသဖြင့် ၎င်းခွေးအား ကျောင်းဝင်းအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်လံရှာဖွေကာ ဝိုင်းဝန်းဖမ်းဆီးနေစဉ် လိုက်ကိုက်နေသဖြင့် ရိုက်နှက်၍ သတ်ဖြတ်လိုက်ရကြောင်း လိုက်ဖမ်းရာတွင် ပါဝင်ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
အဆိုပါခွေးကိုက်လိုက်သောကြောင့် KG တန်းမှ မနေဇင်လင်း(၆)နှစ်အရွယ်ကလေးငယ်သည် ယာဘက်နံဘေး ခွေးကိုက်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ကို ကိုက်ခံရသည့်ဒဏ်ရာ ၁ ချက်၊ G1(E) တန်းမှ မနှင်းနဒီဖြိုး(၈)နှစ်ခန့်ရှိသောကလေးငယ်တွင် ယာဘက်ပါးကို ခွေးကိုက်သွားသည့်ဒဏ်ရာ ၁ ချက်၊ G1(E)တန်းမှ မောင်ဖြိုးလင်း(၉)နှစ်အရွယ် ကလေးငယ်မှာ ဝမ်းဗိုက်ကို ကိုက်ခံရသည့်ဒဏ် ရာ ၅ ချက်နှင့် G1(B)တန်းမှ မအိချောပို(၁၀)နှစ်ခန့်ရှိသော ကလေးငယ်တွင်လည်း ယာဘက်လက်ကို ခွေးကိုက်သွားသောဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးကားဖြင့် ကလေးဆေးရုံကုတင်(၅၅၀)သို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ။ မြရည်န္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့