၂၁. ၈. ၂၀၂၃
Written by Nyein Kyaw
ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY 2023) နှင့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၁ ရက်(ယနေ့) တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်သည့် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်အဖြစ် ရုရှား-မြန်မာ ပူးပေါင်းကာ ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြသည်ကို အမှတ်ရနေစေရန် ရုရှားနိုင်ငံ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုစိုက်ထူပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့သည်။
ထို့နောက်တွင် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY-2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Aquarius IT ဆိုင်ရာကုမ္ပဏီ၊ BSVT စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၅ ရက်တွင် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Xl Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲအား ရုရှားသမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့သည်။
အစည်းအဝေးဒုတိယပိုင်း “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အာရှ-ပစိဖိတ်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်းနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ကုန်သွယ်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေတို့ကို Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့်ပုဂ္ဂိုလ် ၁၂ ဦးအပါအဝင် စုစုပေါင်းတာဝန်ရှိသူဦးရေ ၈၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။