၂၂. ၈. ၂၀၂၃
Written by Peya
ယခုရက်ပိုင်းအတွင်း ထပ်မံ မြင့်တက်လာသည့် ကုန်စျေးနှုန်း အခြေအနေကြောင့် ပြည်သူများ ယခင်ထက် ခြိုးခြံချွေတာနေကြရကြောင်း MT News သတင်းဌာနက မေးမြန်းခဲ့သည့် အချက်အလက်များအရ သိရသည်။
အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေသည့်အပြင် ယခုအခါ အခြားသုံးစွဲရသည့်ပစ္စည်းများပါ စျေးနှုန်းမြင့်တက်လာသည့်အတွက် ယခင်ထက် ပိုမို ကျပ်တည်းလာကာ ပုံမှန် ဘဝနေထိုင်မှု ပုံစံများကိုလည်း ပြောင်းလဲနေထိုင်လာကြရကြောင်း သိရသည်။
“ဆန်စျေးတွေ တက်တယ်။ ပြီးတော့ တခြား အထွေထွေ ကုန်ကျစရိတ်တွေပါ အကုန်လုံးက လိုက်ပြီးတော့ တက်လာတာပါ။ ဆန်တွေ ဆီတွေက အရေးကြီးသလို အသေးသုံးတွေကလည်း အရေးပါပါတယ်။ အခုဆို အပိုဝင်ငွေ သုံးဖို့ကို တော်တော်လေးကို စဉ်းစားနေရတယ်။ ကုန်စျေးနှုန်းအောက်မှာ တောင့်ခံနေကြတဲ့ အနေအထားပါ” ဟု အသက် ၃၀ အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ဆိုသည်။
ထို့အပြင် လက်ရှိ ကုန်စျေးနှုန်း မြင့်တက်နေသည့်အတွက် ဝင်ငွေနှင့် ထွက်ငွေကို စီမံခန့်ခွဲရာတွင် အလျဉ်မမီ ဖြစ်နေကြရကြောင်းလည်း ၎င်းက ဆိုကာ ကုန်စျေးနှုန်း ကျဆင်းစေရန် အတွက် ဆောင်ရွက်ပေးစေလိုကြောင်းလည်း MT News သတင်းဌာနကတစ်ဆင့် ၎င်းက တာဝန်ရှိသူများကို တင်ပြပြောကြားသည်။
“အခုက စားဝတ်နေရေး အတွက်ရယ် အိမ်အသုံးစားရိတ်ကို အာရုံစိုက်ထားရတဲ့ အခြေအနေမှာ မကျန်းမမာ ဖြစ်မှာတောင်ကြောက်နေရတယ်။ တော်ရုံ အဖျားမျိုးလောက်ကတော့ ဒီအတိုင်း ဆိုင်က ဆေးဝယ်သောက်လိုက်တာပဲ။ ဆေးခန်း သွားမပြတော့ဘူး။ ကျန်းမာရေးက မကုန်သင့်တာ မကုန်အောင်ဆိုတဲ့ အခြေအနေထဲကို ဝင်သွားတာ” ဟု အသက် ၄၀ အရွယ် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ ယခု ၂၀၂၃ ဇူလိုင်တတိယအပတ်အထိ ဆန်စျေးအပါအဝင် ကုန်စျေးနှုန်းများမှာ ရာခိုင်နှုန်း ၁၀၀ နှင့် ၁၅၀ ကြား မြင့်တက်လာပြီး ကျပ် ၂၀၀၀၀ တန် ထုတ်ဝေမည်ဆိုသည့်သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းနှင့် ကျပ် ၂၀၀၀၀ တန် ထုတ်ဝေပြီးနောက်တွင် ကုန်စျေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင့် ထပ်မံမြင့်တက်လာခဲ့၍ ပြည်သူလူထုအကြား ကျပ်တည်းမှုမြင့်မားနေသည်။