▪️ မနက်ဖြန်တွင် ဆရက်သာ ဝန်ကြီးချုပ် ရွေးချယ်ခံရရန်သေချာသလောက်ရှိ
၂၁. ၈. ၂၀၂၃
Translated by Htwe Ko Tun
ဩဂုတ်လ ၂၂ ရက်တွင် ထိုင်းပါလီမန်၌ကျင်းပသွားမည့် ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်ပွဲ၌ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုမည့် ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင်အား အထက်လွှတ်တော်အမတ် ၁၉၀ ခန့်က ထောက်ခံမဲပေးကြလိမ့်မည်ဖြစ်ကြောင်း အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဝန်ချိုင်း ဆွန်ဆီရီ က ဩဂုတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အထက်လွှတ်တော်အမတ် ဝန်ချိုင်း က ဆရက်သာ အနေဖြင့် အထက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲများရကာ လိုအပ်သည့် ထောက်ခံမဲများ ပြည့်မီသဖြင့် ထိုင်းနိုင်ငံ၏ အယောက် ၃၀ ဝန်ကြီးချုပ်အဖြစ် အသိအမှတ်ပြုရွေးချယ်ခံရလိမ့်မည်ဟု ပြောခဲ့သည်။ ဩဂုတ်လ ၂၂ ရက် မဲပေးရွေးချယ်ပွဲတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်စလုံးမှ အမတ်အချို့က အမြင်ကွဲလွဲမှုများရှိနိုင်သော်လည်း ဆရက်သာအနေဖြင့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲအများစုကိုမူ ရရှိနိုင်လိမ့်မည်ဟု ၎င်းကဆိုသည်။
ဝန်ချိုင်းက “နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့်သူကို ရွေးချယ်ရာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေ ပူးပေါင်းဆန္ဒမဲပေးရွေးတာပါ။ ဘယ်တစ်ဦးတစ်ယောက်ရဲ့ သဘောထားမှ မဟုတ်ပါဘူး”ဟု ပြောခဲ့သည်။အထက်လွှတ်တော်အမတ်အချို့က ဆရက်သာအနေဖြင့် ဝန်ကြီးချုပ်အဖြစ် စွမ်းဆောင်နိုင်မှုအရည်အသွေး ရှိမရှိ သံသယရှိကြသော်လည်း ထိုကဲ့သို့ဖြစ်ခြင်းက ပုံမှန်ဖြစ်နေကြဖြစ်ကြောင်းလည်း ဝန်ချိုင်းကပြောခဲ့ပြီး အနီးစပ်ဆုံးအဖြစ် Move Forward Party ခေါင်းဆောင် ပီတာ၏ အဖြစ်အပျက်ကို ရည်ညွှန်းခဲ့သည်။
ယခုအခါတွင် ဖျူထိုင်းခေါင်းဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် Palang Pracharath ပါတီနှင့် United Thai Nation ကဲ့သို့ စစ်တပ်ထောက်ခံသော ပါတီများကလည်း ပူးပေါင်းပါဝင်လာကြပြီဖြစ်ရာ အထက်လွှတ်တော်အမတ်များအနေဖြင့် ဖျူထိုင်း၏ ဝန်ကြီးချုပ်လောင်းကို မထောက်ခံစရာအကြောင်း မရှိတော့ဟုလည်း ၎င်းကပြောခဲ့သည်။
ဖျူထိုင်းခေါင်းဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် ယခုအခါ ပါတီ ၁၁ ခု စုစုပေါင်းပါဝင်လာကြပြီး အောက်လွှတ်တော်တွင် အမတ်နေရာ ၃၁၄ နေရာ ရရှိထားပြီဖြစ်၍ အထက်လွှတ်တော်အမတ် ၆၀ ၏ ထောက်ခံမဲရလျှင် ဆရက်သာအနေဖြင့် ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက်ဝန်ကြီးချုပ်ဖြစ်ပြီ ဖြစ်သည်။
Ref—-Bangkok Post