October 18, 2024

၂၁. ၈. ၂၀၂၃
Written by Peya

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယွမ်သန်း (၄၀၀) အကုန်အကျခံ တည်ဆောက်နေသည့် Myanmar CDC အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းခွင်မှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

Myanmar Centers for Disease Control and Prevention; Health Staff Training Centers (Myanmar CDC) အဆောက်အအုံကို ဒက္ခိဏသီရိမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရှေ့ တောင်အာရှဒေသအတွင်း နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ သုတေသန ပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခုအား မြန်မာနိုင်ငံတွင် ထူထောင်သွားရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းကို ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ ဝန်ကြီးဌာန အနေဖြင့် အဆောက်အဦ လွှဲပြောင်းလက်ခံခြင်းနှင့် လုပ်ငန်းများ စတင်လည်ပတ်ခြင်းအား သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နေပြီး Myanmar CDC တည်ဆောက်ရေး စီမံကိန်းအား အထူးဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ပြီး စီမံကိန်းအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးများအား ပုံမှန်ကျင်းပ၍ အထူးအလေးပေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါအဆောက်အအုံသည် နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး (ဇီဝလုံခြုံမှုအဆင့်-၃) Biosafety Level- 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော ရောဂါထိန်းချုပ်နှိမ်နင်းရေး သုံးထပ်အဆောက်အဦ၊ သင်တန်းသား/သူ (၄၀၀)ဦးခန့် ထားရှိ၍ လေ့ကျင့် သင်ကြားပေးနိုင်မည့် သုံးထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦတို့ ပါရှိမည် ဖြစ်သည့် အပြင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေး ဝန်ထမ်းများအားလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *