October 18, 2024

၂၁. ၈. ၂၀၂၃
Written by Nyein Kyaw

အရည်အသွေးကောင်းမွန်သော စားသုံးဆီများထုတ်လုပ်နိုင်ရန် ပြည်တွင်း၌ ဆီစက်များ အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များကို အဆင့်မြှင့်တင်ခြင်းအတွက် ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဩဂုတ်လ ၂၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အရည်အသွေးကောင်းမွန်သော ဆီများထုတ်လုပ်နိုင်ရန် အဆင့်မီဆီစက်များ လိုအပ်နေသည့်အတွက် ပြည်တွင်း ဆီစက်များကို အဆင့်မီဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ဆောင်ရွက်ရန် ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် “ဆီစက်ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့”က ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ပြည်တွင်းစားသုံးဆီကို အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရန် ဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ဆီသန့်စင်သည့် နည်းပညာများ လိုအပ်နေသည့်အတွက် ဆီလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ပြီး ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ကိုင်နေသော ထုတ်လုပ်မှုပုံစံမှ ခေတ်မီဆီသန့်စင်နည်းပညာများအသုံးပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အရည်အသွေးမြင့်ဆီများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်လုပ်သည့် Supply Chain တစ်လျှောက်တွင်ရှိသော လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် ရေ စသည့် သွင်းအားစုများ အချိန်မီရရှိနိုင်ရန် “စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေးကော်မတီ”က ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *