၂၁. ၈. ၂၀၂၃
Written by Nay Aung
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် ဆောင်ရွက်နိုင်သည့် ကဏ္ဍများစွာရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ကုန်သွယ်ရေးသည် လက်ရှိထက် ပိုမိုပြီးနောက်ထပ် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်းတရုတ်နိုင်ငံကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ထုတ်ဖော်ပြောဆိုလိုက်သည်။တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြီးခဲ့သောရက်ပိုင်းက တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကျင်းပခဲ့ရာ အဓိကဧည့်သည်နိုင်ငံအဖြစ် မြန်မာနိုင်ငံပါဝင်ခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံဖြစ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ထုတ်ဖော် ပြောဆိုသည်။
၎င်းက “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်မှာ ကျောက်ဖြူရေနက်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှာ ဆောင်ရွက်နိုင်တဲ့ ကဏ္ဍတွေ အများကြီးရှိတယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက်နဲ့အတူ လက်တွဲတည်ဆောက်မှုက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက်သာမက နိုင်ငံအများအပြားကိုအကျိုးရှိစေမှာပါ၊” ဟုဆိုသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကတရုတ်နိုင်ငံက အဆိုပြုသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတည်ဆောက်ရေးသည် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှေးယခင်ကတည်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာ ခေတ်အဆက်ဆက်တွင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြောင်းပြောသည်။ တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် အေးတူပူအမျှအနေဖြင့် တစ်နိုင်ငံ၏အခက်အခဲကို တစ်နိုင်ငံက ကူညီပြီး အပြန်အလှန် ရိုင်းပင်းကူညီကြတာဟာ ရှေးယခင်ကတည်းကပင်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိပြည်သူများအတွက် ဆေးဝါးပစ္စည်းများနှင့်လူသုံးကုန် ပစ္စည်းလှူဒါန်းမှု အများဆုံးနိုင်ငံဖြစ်ကြောင်း ဦးသော်တာအောင်ကထပ်မံပြောဆိုခဲ့သည်။
Ref- — Xinhua