၂၀. ၈. ၂၀၂၃
Written by Ye Kyaw
ပြည်ပသို့ ဘုရားဖူးထွက်ခွာသူများနှင့် ပြည်ပအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကိုပါ အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ ရောင်းချပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၀ ရက် (ယနေ့) တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဉ်အလှည့်ကျ ရောင်းပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဘဏ်အနေဖြင့် အသေးသုံးနိုင်ငံခြားငွေ ငွေသားများ ရောင်းချပေးရာတွင် AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန် AD လိုင်စင်ရဘဏ်များသို့ ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ညွှန်ကြားခဲ့သည်။
ယင်းကဲ့သို့ ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အသေးသုံး နိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများကို မေလ ၃၁ ရက်မှစတင်၍ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ယခုတွင် ဘုရားဖူးထွက်ခွာသူများနှင့် ပြည်ပအစိုးရနှင့် သတင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကိုပါ ထပ်တိုးရောင်းချပေးခြင်းဖြစ်သည်။
လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူနိုင်သည့် ဘဏ်ကောင်တာများမှာ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL၊ CB Bank PCL၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့ဖြစ်ပြီး အဆိုပါ ကောင်တာများတွင် ဝယ်ယူနိုင်ကြောင်း ဘဏ်များ၏ Website နှင့် Facebook Page များတွင် ကြေညာထားသည်။
ပြီးခဲ့သည့် နှစ်လကျော်အတွင်း AD လိုင်စင်ရဘဏ် ၁၅ ဘဏ်မှတစ်ဆင့် ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသမည့်သူ၊ ပညာသင်သွားမည့်သူ ဦးရေ ၂,၉၅၀ ကျော်အား အသေးသုံး နိုင်ငံခြားငွေ ငွေသားယူဆောင်သွားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၉၀,၀၀၀ ခန့်၊ ထိုင်းဘတ်ငွေ ၂၄ သိန်းကျော်၊ စင်ကာပူဒေါ်လာ ၉,၈၀၀၊ မလေးရှားရင်းဂစ် ၁၆,၇၀၀ ကျော်နှင့် ယူရိုငွေ ၁,၄၅၀ ရောင်းချပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းထုတ်ရေးပြန်အရေးဖွဲ့မှ ထုတ်ပြန်ထားသည်။