October 18, 2024

၂၀.၈.၂၀၂၃
Written by Tha Doe

၁။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့တဲ့ TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ကို လွှဲပြောင်းယူသွားခဲ့ပါတယ်။ ဒီနေ့ ဩဂုတ် ၂၀ မှာတော့ သူတို့ကြားက မကျေပွဲ။ ဒါမှမဟုတ် ပထမတန်းရဲ့ နန်းကျဘုရင်က ဧကရာဇ်သွေးအေးကျားဆီက သိက္ခာအရ နန်းလုပွဲ ဆင်နွှဲရာမှာလည်း ထွန်းထွန်းမင်းဟာ သွေးသစ်ဝင်းလှိုင်ကို ပြန်မနိုင်ခဲ့ဘဲ Myanmar Lethwei World Championship (MLWC) မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ရုံအဆင့် သရေသာဖြစ်ခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ MLWC လက်ဝှေ့ပွဲတွေဟာ ခေါင်တွဲဆိုင်းသုံးခုကြောင့် နာမည်ကြီးပြီး လူစိတ်ဝင်စားမှုများပေမဲ့လည်း တကယ်တမ်း အားရစရာမကောင်းခဲ့ပါဘူး။

ခေါင်တွဲဆိုင်းတစ်တွဲဖြစ်တဲ့ ကျော်စွာဝင်းနဲ့ အာဝသန်တို့ပွဲဆိုလည်း ကျော်စွာဝင်းက လိုက်ပြီးဖိထိုးပေမဲ့လည်း အာဝသန်က သရေရဖို့ပဲ ဦးတည်ထိုးတာကြောင့် ပွဲကောင်းမဖြစ်ခဲ့ပါဘူး။ ဒုတိယခေါင်တွဲဆိုင်းဖြစ်တဲ့ တိုခဲရှီနဲ့ ထွန်းမင်းအောင်ပွဲဆိုလည်း ရှေ့သုံးချီလောက်အထိ ထွန်းမင်းအောင်က လိုက်ထိုးနိုင်ပေမဲ့လည်း တိုခဲရှီကို ထိရောက်တဲ့ထိုးချက်တွေနဲ့ လဲကျအောင် မထိုးနိုင်ခဲ့ပါဘူး။ စတုတ္ထအချီကစ ထွန်းမင်းအောင်ရော တိုခဲရှီပါသက်လုံကုန်သွားပြီး စောင့်ထိုးတာလောက်ပဲလုပ်နိုင်တော့တာပါ။ ဒီနေရာမှာ ရုပ်ပျက်ဆင်းပျက်သက်လုံကုန်သွားတာ အသက် ၃၀ ကျော် တိုခဲရှီမဟုတ်ဘဲ အသက် ၂၀ မပြည့်သေးတဲ့ထွန်းမင်းအောင်ဖြစ်နေတာပါ။ သက်လုံကုန်သွားချိန်မှာ ကြိုးဝိုင်းစင်အပြင်ဘက်ကို တိုခဲရှီကြောင့် ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားသေးသလို ပွဲအပြီး သရေကျတော့လည်း မတ်တပ်တောင်မရပ်ပြနိုင်၊ လက်ဝှေ့ရေးတောင် ကောင်းကောင်းမပြနိုင်တော့တဲ့မြင်ကွင်းက စိတ်ပျက်စရာဖြစ်နေပြီး ထွန်းထွန်းမင်းတို့ညီနောင်ရဲ့ သက်လုံပိုင်းဟာ မေးခွန်းထုတ်စရာပါ။

This image has an empty alt attribute; its file name is IMG_3373-1024x576.jpeg

၂။

သွေးသစ်ဝင်းလှိုင်ဟာ ကောင်တာကောင်းတာမဟုတ်ဘဲ ကြောက်ရွံ့နေတာကြောင့် သူတင်ကိုယ်တင်မထိုးရဲဘူးလို့ ပွဲမစခင် Trash Talks တွေနဲ့ ကဲ့ရဲ့ခဲ့တဲ့ ထွန်းထွန်းမင်းဟာ သူ့ရဲ့ အကျမြန်တဲ့သက်လုံကြောင့် ပထမအချီမှာ လိုက်ထိုးခဲ့တာပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်းပါပဲ။ ထွန်းထွန်းမင်းရဲ့ အားအပြည့်ထည့်ထားတဲ့ လက်သီးတွေဟာ လေပေါ်ပျံပြီး ပထမအချီမှာ ထိမိတဲ့ထိုးချက်မရှိခဲ့ပါဘူး။ TGL ပွဲတုန်းကမှ ထွန်းထွန်းမင်းက ပထမအချီမှာ သွေးသစ်ဝင်းလှိုင်ကို ဟန်ပျက်အောင် လဲအောင် ထိုးနိုင်ခဲ့ပေမဲ့ ဒီနေ့အလဲထိုးပွဲမှာတော့ ပြောင်းပြန်ပါ။

ဒုတိယအချီမှာတော့ နှစ်ယောက်အပြန်အလှန်တိုက်စစ်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းခဲ့ပြီး ထွန်းထွန်းမင်း ခါးကြောထိခဲ့သလို သွေးသစ်လက်သီးချက်မိပြီး ကြမ်းပေါ်ပါ ကျခဲ့ပါသေးတယ်။ ဒါပေမဲ့ ထွန်းထွန်းမင်းဟာ TGL မှာ သူအမှတ်နဲ့ရှုံးခဲ့ချိန်ကလောက်တောင် MLWC ပွဲမှာ လုပ်မပြနိုင်ခဲ့ပါဘူး။

ဒီနေ့ပွဲမှာ ထွန်းထွန်းမင်းဟာ TGL ပွဲတုန်းက စတုတ္ထအချီနဲ့ ပဥ္စမအချီမှာ သက်လုံကုန်ပြီး ဖွဲအိတ်လိုအထိုးခံရတာမျိုးဖြစ်မှာကို ကြောက်ရွံ့နေတာမျိုး မြင်ခဲ့ရပြီး အဲဒါကြောင့်လည်း သူ့သက်လုံသူချွေနေတာကြောင့် သရေကျ သူ့ MLWC ခါးပတ် လက်မလွှတ်ရရေးကိုဘဲ အဓိက ကာကွယ်ဖို့ ကြိုးစားနေတဲ့ပုံစံပါ။ မှန်တော့လည်းမှန်ပါတယ်။ TGL ရော MLWC ကိုပါ သွေးသစ်ဝင်းလှိုင်ရသွားရင် သွေးသစ်ဝင်းလှိုင်ကို ရှုံးပြီး ခါးပတ်နှစ်ခု ပေးလိုက်ရရင် သူက အသက် ၃၀ လောက်နဲ့ အနားယူသွားရမဲ့အခြေအနေပါ။ ဒါကို ကြိုတွေးထားမိပုံရတဲ့ ထွန်းထွန်းမင်းဟာ သွေးသစ်ဝင်းလှိုင်ကို ပထမအချီနဲ့ ဒုတိယအချီမှာ မီးကုန်ယမ်းကုန်ထိုးလိမ့်မယ်လို့ အားလုံးထင်ခဲ့သလို ထိုးမသွားဘဲ သက်လုံချွေသွားတာ မြင်ရပါတယ်။

တတိယအချီ၊ စတုတ္ထအချီနဲ့ ပဥ္ဧမအချီတွေမှာလည်း ပွဲကြည့်ကောင်းပေမဲ့ ပွဲဖြတ်နိုင်မဲ့ ထိုးချက်တွေ မမြင်ခဲ့ရပါဘူး။ ဒီကြားထဲ ထွန်းထွန်းမင်းက ကြမ်းပြင်ပေါ်လဲကျတဲ့သွေးသစ်ဝင်းလှိုင်ကို လိုက်ကန်ခဲ့တာကြောင့် ဒိုင်က သတိပေးခဲ့ရပါသေးတယ်။ ရှေ့က ပထမအချီနဲ့ဒုတိယအချီမှာလည်း ထွန်းထွန်းမင်းဟာ သွေးသစ်ဝင်းလှိုင်ကို မျက်လုံးနှိုက်၊ မတော်ရာကို ကန်တာကြောင့် သွေးသစ်ဝင်းလှိုင်က အဲဒီလို မလုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။

This image has an empty alt attribute; its file name is IMG_3374-1024x580.jpeg

၃။

ဒီနေ့ MLWC က ပွဲ ၆ ပွဲထိုးရာမှာ ဝူသောဒိုနဲ့ တိုင်းကျော်ပွဲမှာ တိုင်းကျော်၊ စိန်လုံးချောနဲ့ မိုးထက်အောင်ပွဲမှာ မိုးထက်အောင် အနိုင်ရခဲ့တာကလွဲရင် ကျန်တာတွေက ပူးတွဲသရေတွေပါ။ အဆိုးဆုံးက ခေါင်ပွဲအကုန်သရေကျပြီး အရှုံးအနိုင်မပေါ်တာပါ။

လက်ဝှေ့ပွဲ မစခင်ကလည်း လက်မှတ်တွေကို အပြင်မှာ စနစ်တကျရောင်းမပေးတာကြောင့် လာရောက်ကြည့်ရှုသူတွေက မှောင်ခိုစျေးနဲ့ဝယ်ရ၊ ရုံရှေ့မှာဝင်ခွင့်ရဖို့ အော်ဟစ်နေတာကြောင့် လူရာချီကို ၁၀၀၀၀ စီကောက်ပြီး လက်မှတ်မပါဘဲ ရုံထဲဝင်ခွင့်ပြုခဲ့ရသေးတာပါ။ ခြုံပြောရမယ်ဆိုရင်တော့ ဒီနေ့ MLWC ပွဲတွေဟာ ပရိသတ်မျှော်လင့်သလောက် စိတ်ကျေနပ်စရာမကောင်းလှဘဲ ခေါင်ပွဲအားလုံး သရေ၊ အောက်ပွဲတွေကလည်း အားရစရာသိပ်မကောင်းတာကြောင့် ပွဲကောင်းငတ်နေတဲ့ လက်ဝှေ့ပွဲလာပရိသတ်အားလုံး မချင့်မရဲနဲ့ဘဲ…….။

Leave a Reply

Your email address will not be published. Required fields are marked *