October 18, 2024

၂၀. ၈. ၂၀၂၃

Written by Nay Aung

အိန္ဒိယစစ်တပ်သည် မဏိပူရပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၄၀၀ ကျော်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း မဏိပူရပြည်နယ် အစိုးရအဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ 

မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် မိုးရေးမြို့တွင် နေထိုင်သော Meitei လူမျိုးများသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းကလည်း မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သောအိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အိန္ဒိယနိုင်ငံသားများကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ခြင်းအတွက် အိန္ဒိယစစ်တပ်ကိုကျေးဇူးတင်ကြောင်း၊ပြန်လည်ခေါ်ယူခဲ့သော အိန္ဒိယနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးသွားမည်ဖြစ်ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

မဏိပူရပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၂၁၂ ဦးကို ပြန်ခေါ်ယူခဲ့ကြောင်း၊ ပြန်ခေါ်ယူသူများထဲတွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၈၉ ဦးနှင့်ကလေးငယ် ၃၇ ဦးပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါအိန္ဒိယနိုင်ငံသားများသည် မေလ ၃ ရက်တွင် မဏိပူရပြည်နယ်၌ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက်မြန်မာနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့ကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အာသံရိုင်ဖယ်တပ်ရင်းက အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း၊ မဏိပူရပြည်နယ်အစိုးရကပြောသည်။

အိန္ဒိယစစ်တပ်သည် မြန်မာနိုင်ငံ တမူးမြို့မှ မဏိပူရပြည်နယ် မိုးရေးမြို့ကို ကားများဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို ကူညီကယ်ဆယ်ရေးစခန်းများတွင် ခေါ်ယူထားပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားကြောင်း မဏိပူရပြည်နယ်အစိုးရကပြောသည်။

မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများစတင်ခဲ့ရာ အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြမှုကြောင့် မိုးရေးမြို့ရှိဒေသခံအချို့သည် အိမ်များ၊ ဈေးဆိုင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

Ref- —  Imphal Free Press

Leave a Reply

Your email address will not be published. Required fields are marked *