October 18, 2024

၂၀.၈.၂၀၂၃

Written By Thandar

ကချင်ပြည်နယ်က အနုပညာရှင်တွေနဲ့ မြန်မာအနုပညာရှင်တချို့ ပူး ပေါင်းပြီး လူသားချင်း စာနာထောက် ထားပြီးရိုင်းပင်းကူညီမှုတွေ အကြောင်း ပညာပေး “ကမ်းလက်များ” ဇာတ်လမ်းတိုရိုက်ကူးပုံဖော်နေလျက်ရှိပါတယ်လို့သရုပ်ဆောင် ယောသပ် Yaw Thurt က MT News ကိုပြောပါတယ်။

“ကမ်းလက်များ” ပညာပေးဇာတ် လမ်းတို ရိုက်ကွင်းကို ဩဂုတ် ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ Holy Cross မှာ  ရိုက်ကူး‌နေတာ ဖြစ်ပါတယ်။

“ ကမ်းလက်များဆိုတာက လူတွေရဲ့ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်တည်နေတာတွေ မတူတဲ့ စာမျက်နှာတွေ၊ မတူညီတဲ့ ဘဝမျက်နှာတွေကို ပြသထားတာပါ။ မတူညီတဲ့ ဘဝစာမျက်နှာတွေကို ပညာပေးသဘောမျိုးအများကြီးဖော်ပြသွားမယ်၊ အဲဒီလိုမျိုးနဲ့ နာမည်ပေးပြီး လုပ်ဖြစ်တာပါ ”လို့သရုပ်ဆောင် ယောသပ် Yaw Thurtက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းကို ဒါရိုက်တာ တူးမိုင်က ဝါရင့်အနုပညာရှင် သရုပ် ဆောင် ဒေါ်လုံးတင်၊ သရုပ်ဆောင် ယောသပ် Yaw Thurt ၊ သရုပ်ဆောင် ဂျပ် (Jap) ၊ သရုပ်ဆောင် ထက်ရှိုင်းဝေ (Mister Grand Myanmar 2022 ) ၊ ဆိုင်းဂျာမွန်း၊ ကလေးသရုပ်ဆောင် သွန်းရတီ နဲ့ Jay တို့နဲ့ ရန်ကုန်မြို့မှာ သုံးရက်ကြာ ရိုက်ကူးပုံဖော် သွားမယ်လို့ သိရပါတယ်။ 

“ဒီဇာတ်လမ်းကို ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းအားလုံးထက် အသေးစိတ်ကြိုးစားထားတယ်၊။ ကျွန်တော်ဆိုရင်လည်း အရင်တုန်းက ရိုက်ကူးမှု‌တွေထက် အခုက ၉၀ ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းလောက်ထိကို အသေးစိတ် အားထည့်ထားတယ်။ ကျွန်တော်တင်မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ အဖွဲ့သားတွေကလည်း အသေးစိတ်က အစကြိုးစားပြီး ရိုက်ကူးထားတယ်။ ကျွန်တော်တို့က မြစ်ကြီးနားက ဖြစ်တော့ ရန်ကုန်မှာလည်း ရှုတင်မတည်ဖူးဘူး၊ တစ်ခုပြီးတစ်ခုကြိုးစားရင်ဆိုင် ရိုက်ကူးထားပါတယ်၊ အများကြီး ပြင်ဆင်ထားပါတယ်၊ ရှေ့လကျရင် ဒီဇာတ်လမ်းလေးထွက်လာမှာပါ။ ထွက်လာရင်လည်းရှိရင်လည်း အားပေးကြပါဦး”လို့ ဒါရိုက်တာ တူးမိုင် ကပြောပါတယ်။

ကချင်တိုင်းရင်းသားတွေအနေနဲ့  လူထုပညာပေး ဇာတ်လမ်းတွေ၊ လူမှုဝန်းကျင်က၊ လူသားချင်းစာနာထောက်ထားမှုအကြောင်း အချင်းချင်း ကူညီရိုင်းပင်းမှုတွေ အကြောင်း၊ ချစ်ခင်ကြင်နာမှုအကြောင်း အစရှိတာတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို အများဆုံး တင်ဆက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိရိုက်ကူးလျက်ရှိတဲ့ “ကမ်းလက်များ” ဇာတ်လမ်းတိုကိုလည်း လူတစ်ဦးနဲ့တစ်ဦးကြား ကူညီရိုင်းပင်းမှုနဲ့လှပတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ် လာနိုင်တာကို အသိပညာပေးအနေနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *