October 18, 2024

၂၀ .၈.၂၀၂၃
Translated by Htwe Ko Tun

အာဏာသ်မ်းယူခံခဲ့ရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ က သြဂုတ်လ ၁၉ ရက်တွင် တွေ့ဆုံမေးမြန်းပွဲ ပြုလုပ်ခဲ့ရာ၌ သြဂုတ်လ ၂၂ ရက်တွင်မူ ထိုင်းနိုင်ငံသို့ ၎င်းပြန်လာရန် သေချာသွားပြီဖြစ်ပါကြောင်း သြဂုတ်လ ၁၉ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။

ကိုယ်ပိုင်လေယာဉ်ဖြင့်ဒူဘိုင်းမှ စင်ကာပူသို့ပြန်လည်ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင် အား တွေ့ဆုံမေးမြန်းခဲ့ရာ၌ ၎င်းက ထိုင်းနိုင်ငံသို့ သြဂုတ်လ ၂၂ ရက်တွင် ပြန်လာရန်သေချာသွားပြီဖြစ်ကြောင်း၊ ဤတစ်ကြိမ်တွင်မူ အမိနိုင်ငံသို့ အပြန်ခရီးစဉ်ကို ထပ်မံရွှေ့ဆိုင်းရန်မရှိတော့ပါကြောင်း ပြောဆိုခဲ့သည်ဟုလည်း သတင်းများက ဖေါ်ပြခဲ့ကြသည်။

သြဂုတ်လ ၂၂ ရက်တွင် ထိုင်းပါလီမန်၌ ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲကို မေလ ၁၄ ရက် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဖြစ်ရာ ဖျူထိုင်းပါတီမှ အဆိုပြုသော ဝန်ကြီးချုပ်လောင်းအား မဲပေးရွေးချယ်ကြမည်ဖြစ်သည်။ သို့သော် သက်ဆင် ကမူ ၎င်း၏ ထိုင်းနိုင်ငံသို့ အပြန်ခရီးအတွက် ထိုရက်ကိုရွေးချယ်ခဲ့ခြင်းက ပူးတွဲမဲပေးရွေးချယ်ပွဲနှင့် ဆက်စပ်မှုမရှိကြောင်း၊ ပါလီမန်ဥက္ကဋ္ဌ မူဟာမက် နို မာသာ က ပူးတွဲမဲပေးရွေးချယ်ပွဲအတွက် ရက်ကိုမကြေညာမီကပင် ၎င်းက ထိုင်းသို့အပြန်ရက်အတွက် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖျူထိုင်းပါတီ က အဆိုပြုသည့် ဆရက်သာ သာဗီဆင် က ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာ မည်ဟုလည်း မျှော်လင့်ပါကြောင်း သက်ဆင်က ပြောခဲ့သည်။

သက်ဆင် က သြဂုတ်လ ၂၁ ရက်က သမီးဖြစ်သူ ပေတုံတန် ၏ မွေးနေ့ဖြစ်၍ ထိုနေ့တွင်ပြန်ပါက သမီးဖြစ်သူမှာ မွေးနေ့ပွဲနှင့် လွဲချော်နေရမည်စိုး၍ သြဂုတ်လ ၂၂ ရက်တွင်မှပြန်ခြင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ဖျူထိုင်းပါတီအနေဖြင့် ၎င်း၏ညွန့်ပေါင်းအဖွဲ့တွင် ထိုင်းစစ်တပ်ထောက်ခံသူပါတီများပါ ပါဝင်လာ အောင်စည်းရုံးနိုင်ခဲ့ပြီးဖြစ်ရာ ၎င်းအနေဖြင့် သြဂုတ်လ ၂၂ ရက် ပူးတွဲမဲပေးရွေးချယ်ပွဲတွင် အထက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမှုကိုလည်းရယူကာ ဝန်ကြီးချုပ်နေရာအတွက် ရယူနိုင်တော့မည်ဟု ခန့်မှန်းနေကြချိန်တွင် ယခုကဲ့သို့ ဝရမ်းပြေးဝန်ကြီးချုပ်ဟောင်းသက်ဆင်က ၎င်းလည်း ထိုနေ့တွင် ပြန်လာတော့မည်ဟု ကြေညာလိုက်ခြင်းကြောင့် ပို၍ သေချာစေနေကြောင်းယူဆရသည်။

Ref—- Khaosod

Leave a Reply

Your email address will not be published. Required fields are marked *