October 19, 2024

၂၀. ၈. ၂၀၂၃

Written by Pan Ei

ကြောင်လေးတွေဟာ ခွေးလေးတွေနဲ့မတူဘဲ စွမ်းရည်တွေ တတ်မြောက်အောင် သင်ကြားပေးရတာ ခက်တယ်လို့ နာမည်ကြီးပေမဲ့ အမေရိကန်၊ မစ်ဆူရီ ပြည်နယ်က အသက် ၁၃ နှစ်အရွယ် ကြောင်လေးတစ်ကောင်ဟာ သူ့ရဲ့ ကြိုးခုန်စွမ်းရည်ကို သူ့သခင်နဲ့ အတူပြသခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ 

Kit Kat လို့ အမည်ပေးထားတဲ့ အဲ့ဒီကြောင်လေးဟာ ပိုင်ရှင် Trisha Seifried နဲ့ တစ်မိနစ်အတွင်း ကိုးကြိမ် ကြိုးခုန်နိုင်ခဲ့ကာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး တစ်မိနစ်အတွင်း ကြိုးခုန်နိုင်မှုအများဆုံးကြောင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာပါ။

တိရစ္ဆာန်လေ့ကျင့်ရေးဆရာဖြစ်တဲ့ ပိုင်ရှင်နဲ့အတူ Kit Kat ဟာ လသားအရွယ်ကတည်းက စတင်လေ့ကျင့်နေခဲ့တာဖြစ်ပြီး ပိုင်ရှင် Trisha Seifried က “အသက် ခြောက်လလောက်မှာ Kit Kat က ခြံထဲက လူအုပ်ကြီးရှေ့မှာ ကြိုးခုန်တတ်ပြီဖြစ်ပြီး ကြောင်တွေကို လေ့ကျင့်ပေးလို့မရဘူးဆိုတဲ့ ဒဏ္ဍာရီတွေကို ချိုးဖြတ်နိုင်ခဲ့ပါတယ်” လို့ ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Kit Kat  ဟာ အသက်အရွယ် ကြီးရင့်ပြီဖြစ်တာကြောင့် Seifried က “ကြိုးခုန်တာက သူ့ရဲ့အထင်ကြီးစရာအကောင်းဆုံးလှည့်ကွက်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ သူ့အသက်အရွယ်ကြောင့် ကျွန်မတို့က သူ့ရဲ့ခုန်ရတာကို အနိမ့်ဆုံးဖြစ်အောင် လုပ်ပေးပါတယ်” လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *