October 19, 2024

၂၀. ၈. ၂၀၂၃

Written by Ye Kyaw

အချို့သောသွင်းကုန်လုပ်ငန်းရှင်များသည် ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့် ရောင်းချပေးသည့် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ နှုန်းဖြင့် ဝယ်ယူရရှိသော်လည်း ပြင်ပအမြင့်ဈေးနှုန်းဖြင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေသဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

ဩဂုတ်လ ၁၉ ရက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ အလွန်အမင်း မြင့်တက်နေခြင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဦးဆောင်၍ ညီနောင်အသင်းအဖွဲ့များ၊ ပုဂ္ဂလိကဘဏ်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အချို့သောသွင်းကုန်လုပ်ငန်းရှင်များသည် ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့်ရောင်းချပေး သည့် တစ်ဒေါ်လာ ကျပ်  ၂,၉၂၀ ကျပ်နှုန်းဖြင့် ဝယ်ယူရရှိထားသော်လည်း ပြင်ပတွင်ဖြစ်ပေါ်နေသည့် အလွန်အမင်းမြင့်မားသောနှုန်းထားဖြင့် နေ့စဉ်တွက်ချက်ပြီး ပြန်လည်ရောင်းချနေခြင်းမှာ စားသုံးသူ ပြည်သူများအပေါ်  ကြီးမားသော အခက်အခဲဖြစ်စေကြောင်း၊ စားသုံးသူများကို ထိခိုက်စေမည့် ကျင့်ဝတ်နှင့် မလျော်ညီသော အကျိုးအမြတ် ရယူခြင်းမျိုးဖြစ်ကြောင်း၊ ယင်းကိစ္စများအတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

လက်ရှိပြင်ပ၌ ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် လွန်ကဲစွာဖြစ်ပေါ်နေခြင်းကို တွေ့ရှိရကြောင်း၊ ပုံမှန်အားဖြင့် ငွေလဲလှယ်နှုန်းများမှာ ရောင်းလိုအား ၊ ဝယ်လိုအားပေါ်မူတည်ပြီး အတက်အကျ အပြောင်းအလဲရှိနိုင်သော်လည်း ယခုကဲ့သို့ အလွန်အမင်း မြင့်တက်နေခြင်းကို မိမိတို့ ပိုကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မလိုလားပါကြောင်းနှင့် လက်ခံနိုင်စရာမရှိပါကြောင်း၊ အသင်းချုပ်အနေဖြင့်လည်း ဈေးကွက်ပေါ်အခြေခံပြီး ဖြစ်သင့် ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရေးကိုသာ ရပ်တည်ထားပါကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။

လက်ရှိတွင် တရားမဝင်ကုန်သွယ်မှုများ ကြီးထွားလာမှုကြောင့်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှု ဖြစ်ပေါ်နေကြောင်းနှင့် ယင်းကို ထိန်းကျောင်းရန်အတွက် အထူးစစ်ဆေးရေးအဖွဲ့ဖွဲ့၍ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ရှာဖွေဖော်ထုတ် အရေးယူလျက်ရှိကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

ဩဂုတ်လ ၁၉ ရက်တွင် ပြည်တွင်း၌ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃,၉၇၀ သို့ရောက်ရှိခဲ့ပြီး တစ်လအတွင်း ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *