၁၉. ၈. ၂၀၂၃
Written by Thuta Zaw
ဩဂုတ်လ ၁၈ ရက်၊ ယမန်နေ့က ဖွဲ့စည်းခဲ့သည့် ယင်းမာပင်ခရိုင် PDF တပ်မဟာမှ အကြောင်းရင်းကို သေချာ မသိရသေးပဲ တပ်ရင်း နှစ်ရင်း နှုတ်ထွက်ကြောင်း ကနဦး သိရကာ MT News သတင်းဌာနက သတင်းစုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
ဩဂုတ်လ ၁၈ ရက်က ဖွဲ့စည်းခဲ့သည့် ယင်းမာပင်ခရိုင် PDF တပ်မဟာတွင် ဥက္ကဋ္ဌအဖြစ် ကျောက်လုံးကြီး KLG PDF က ရှိနေကာ ယင်းမာပင်ခရိုင်တပ်ရင်း -၂၁(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၂(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၃(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၇(ပုလဲ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၁၂(ပုလဲ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၈(ဆားလင်းကြီး)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၉(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း အာဠာဝက(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း ကဿပဝိဇ္ဇာ (ယင်းမာပင်)၊ ယင်းမာပင်ခရိုင် မြွေဆိုး (ယင်းမာပင်)၊ ယင်းမာပင် CDRF(ယင်းမာပင်)၊ ယင်းမာပင်MNAT (ယင်းမာပင်)၊ ယင်းမာပင် Fighter One (ယင်းမာပင်)တို့ ဖြစ်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း-၇(ပုလဲ) နှင့် ယင်းမာပင်ခရိုင်တပ်ရင်း-၁၂(ပုလဲ) တို့ ယနေ့ ဩဂုတ်လ ၁၉ ရက်တွင် နှုတ်ထွက်သွားခြင်း ဖြစ်သည်။
“တပ်မဟာဖွဲ့ခြင်း ၁၃ ဖွဲ့မှ ပါဝင်နေသော အမှတ် ၇ တပ်ရင်းနှင့် တပ်ရင်း ၁၂ တို့သည် တပ်မဟာ ဖွဲ့စည်းခြင်းမှ နှုတ်ထွက်ပါကြောင်း ကြေငြာအပ်ပါသည်” ဟု တပ်မဟာ ထုတ်ပြန်ချက် ထုတ်ရာတွင် အတွင်းရေးမှူး (၁) အဖြစ် လက်မှတ်ရေးထိုးခဲ့သူ ဦးနေမင်းက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်အတွင်း တပ်မဟာ ဖွဲ့စည်းရခြင်းအကြောင်း ရည်ရွယ်ချက်ထဲတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းကို ရှောင်ကြဉ်ရန် ဆိုသော အချက်လည်း ပါဝင်ပြီး အဆိုပါ ယင်းမာပင်ခရိုင်ထဲတွင် ဗိုလ်နဂါး၏ တပ်ဖွဲ့လည်း ရှိနေခြင်း ဖြစ်သည်။