၁၉. ၈. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဩဂုတ်လ ၁၈ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခု၊ ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံတန်ဖိုးရှိရာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် လျှပ်စစ်ကဏ္ဍတွင်အများဆုံးဝင်ရောက်ခြင်းဖြစ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါကဏ္ဍကို အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံအတွက် အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက်လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ထို့ပြင် လျှပ်စစ်သုံး မော်တော်ယာဉ်ကဏ္ဍ အပါအဝင် စိုက်ပျိုးရေး၊ ဇီဝဆေးပညာ၊ ရေနေသတ္တဝါ၊ အအေးထိန်းပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကသတ်မှတ်ထားသည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖြစ်သဖြင့် အဆိုပါကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ရှိ International Aquatic Products Processing Industrial Park စီမံကိန်းသည်လည်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် စားနပ်ရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နည်းပညာပူးပေါင်း ဆောင်ရွက်မှု များ ပံ့ပိုးပေးရန်မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၆၀ ကျော်သာ ခွင့်ပြုနိုင်ခဲ့သော်လည်း လက်ရှိနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ကဏ္ဍတွင်မူ ဇူလိုင်လ တစ်လတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၂၀ ခန့် (စုစုပေါင်းပမာဏ၏ ၆၈ ရာခိုင်နှုန်းကျော်) အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၄၈ ခုအထိရှိပြီး ယင်းအနက် တရုတ်နိုင်ငံက အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်သည်။