၁၉. ၈. ၂၀၂၃
Written by Naing Thuta
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လားရှိုး-သိန္နီပြည်ထောင်စုလမ်းမကြီးတွင် ယနေ့ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်က ပြည်ထောင်စုလမ်းမကြီး(၁၀)မိုင်၊ တိမ်ဖြူဆီဆိုင် အပေါ်အန္တရာယ်ကုန်ဆင်းတွင် ကုန်တင်တွဲကားယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၎င်းတိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား MT News သတင်းဌာနမှ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့မနက်က လားရှိုးသိန္နီးလမ်းမကြီးမှာ တွဲကားကုန်တင်ယာဉ်တစ်စီးမှောက်တယ်လို့ ဖုန်းဆက်သတင်းပေးလို့ သွားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားပေးလိုက်တယ်။ ပြီးတော့ ယာဉ်မောင်းအမျိုးသားကို လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနပို့ပေးခဲ့တယ်။ ခွဲစိတ်ကုသမှုချက်ချင်းပြုလုပ်ပေးပါတယ်။ မနေ့ကလည်း ယာဉ်တိုက်မှု နှစ်ခု၊ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်သေးတယ်။ လူခြောက်ယောက်တော့ ဒဏ်ရာရရှိသွားလို့ ကူညီဆောင် ရွက်ပေးခဲ့တယ်”ဟု ပြောပြသည်။
ယမန်နေ့ (သြဂုတ် ၁၈ ရက်နေ့)မနက် ၁၁ နာရီခန့်တွင် အဆိုပါ လားရှိုး~သိန္နီပြည်ထောင်စုလမ်းမကြီး၊ နမ့်တွန်းရွာ၊ (၁၆)မိုင် S ဂွေ့ အဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ် ဦး၊ ပေါင်းလူ သုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင်လည်း လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်း၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားကာ အမျိုးသားနှစ်ဦး (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည်။
အလားတူပင် ညနေ ၄ နာရီ ၄၇ မိနစ်ခန့်တွင် အဆိုပါ လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်း၌ပင် ယာဉ်တိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့မှုကြောင့် အမျိုးသားတစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပုံစာ ။ ယနေ့နှင့် ယမန်နေ့က ဖြစ်ပွားခဲ့သည့် မတော်တဆမှုပုံရိပ်များ