၁၉. ၈. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံတွင် သူနာပြုဆရာမတစ်ဦးက မွေးကင်းစကလေးငယ် ခုနှစ်ဦးကို သ-တ်ဖြတ်ခဲ့ကြောင်းနှင့် နောက်ထပ်ခြောက်ဦးကိုလည်း -သတ်ဖြတ်ရန် ကြိုးစားလျက်ရှိကြောင်းတွေ့ရှိရသဖြင့် နိုင်ငံ၏ အဆိုးဝါးဆုံးသော ကလေးငယ်လူသတ်ကောင် ဖြစ်လာခဲ့ကြောင်း သတင်းများက ဖေါ်ပြခဲ့ကြသည်။
အသက် ၃၃ နှစ်ရှိ လူစီ လက်ဘီ အမည်ရှိ ထိုသူနာပြုဆရာမက မွေးကင်းစကလေးငယ်များကို တာဝန်ယူ ပြုစုစောင့်ရှောက်ပေးရသူအဖြစ် ဗြိတိန်ဆေးရုံတစ်ရုံတွင် အမှုထမ်းခဲ့သည်။ ထိုသို့အမှုထမ်းနေစဉ် ၎င်းက ကလေးငယ်များအား သွေးနှင့်အစာအိမ်အတွင်း လေများထိုးသွင်းခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန် နာကျင်မှုဖြစ်စေခြင်း၊ အင်ဆူလင်နှင့်အတူ အဆိပ်သင့်စေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် သ-တ်ဖြတ်ခဲ့ကြောင်း အင်္ဂလန်မြောက်ပိုင်း၊ မန်ချက်စတာတရားရုံးတွင် ကြားနာချက်များအရသိရသည်။
အမှုတစ်ခုတွင်ဆိုလျှင် လက်ဘီ က ကလေးငယ် E အား သွေးကြောအတွင်း လေများထိုးသွင်းခဲ့ပြီး ၎င်းနှင့်အမြွှာမွေးကလေးငယ် F ကို အင်ဆူလင် အဆိပ်သင့်စေရန် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ရဲတပ်ဖွဲ့က လက်ဘီ၏အိမ်ကို ရှာဖွေခဲ့ရာတွင် “ငါကတော့ တကယ့်ကို သရဲတစ္ဆေပဲ။ ဒီလိုတွေပြုမူခဲ့တယ်” ဟု၎င်း၏ မှတ်စု၌ ရေးသားထားသည်ကို တွေ့ကြရသည်။
လက်ဘီ က ၂၀၁၅ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း Chester မြို့ဆေးရုံ၌ မွေးကင်းစကလေးသူငယ်များ အဆောင်တွင် လုပ်ကိုင်နေစဉ် ကလေးငယ် ၁၃ ဦးကို တိတ်တဆိတ် တိုက်ခိုက်မှုပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ ၎င်းက ကလေးငယ်များကိုသ-တ်ပြီးနောက် သာမန်သဘာဝအတိုင်း သေဆုံးခြင်းဟု လုပ်ဖော်ကိုင်ဖက်များက ယုံကြည်ကြစေရန် လှည့်စားမှုများပြုခဲ့ကြောင်း ရှေ့နေများက ပြောခဲ့သည်။ သို့သော် ဆေးရုံတွင် ဤကဲ့သို့ မွေးကင်းစကလေးငယ်အချို့ သေဆုံးခဲ့ရပြီးနောက် ဆရာဝန်များက သံသယရှိမှု မြင့်တက်လာခဲ့ကာ ဆေးရုံက စုံစမ်းစစ်ဆေးမှုများ ပြုခဲ့ခြင်းဖြစ်သည်။
လက်ဘီအား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရဲတပ်ဖွဲ့က ၎င်းတို့၏စုံစမ်းစစ်ဆေးမှုများနှင့် ဆက်စပ်လျက် နှစ်ကြိမ်တိုင်ဖမ်းဆီးခဲ့သည်။
လက်ဘီ အား မန်ချက်စတာတရားရုံးတွင် ဩဂုတ်လ ၂၁ ရက်၌ စီရင်ချက်ချမည်ဟု သိရသည်။
Ref—-AP