၁၉. ၈. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကျောင်းတစ်ကျောင်းမှ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာသ-တ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က မကြာသေးမီရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အဲ့ဒီလူသ-တ်မှုရဲ့ နောက်ကွယ်က အကြောင်းပြချက်ကတော့ ရည်းစားဖြစ်သူနဲ့ လမ်းခွဲခဲ့ရတာကြောင့် လက်စားချေတာဖြစ်တယ်လို့ သိရပါတယ်။
အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သားဖြစ်သူ ကျောင်းကနေ ပျောက်ဆုံးသွားတာကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ဩဂုတ်လ ၁၅ ရက်က ချင်းမိုင်ရဲစခန်းကို တိုင်ကြားခဲ့ပြီး အဲ့ဒီ ညနေမှာတော့ အမည်မသိ အမျိုးသားတစ်ဦးက သားဖြစ်သူကို ကျောင်းကနေ လာခေါ်သွားတယ်ဆိုတာကို လုံခြုံရေးကင်မရာကနေ တွေ့လိုက်ရပါတယ်။
အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက အဲ့ဒီကျောင်းအနီးအနားက လမ်းတစ်လျှောက် လုံခြုံရေးကင်မရာတွေကို ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ကလေးငယ်ကို ခေါ်သွားတယ်လို့ သံသယရှိသူမှာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ရှမ်းအမျိုးသားဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဂျိုင်းကောင်ခမ်းဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းခေါ်သွားခံရတဲ့ ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူရဲ့ ရည်းစားဟောင်း ဖြစ်တယ်လို့လည်း သိရှိခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာ တာဝန်ရှိသူတွေက ဟန်ဒုံးခရိုင်က ရွာတစ်ရွာအနီးက ရေကန်ထဲမှာ ကျောင်းဝတ်စုံကို ဝတ်ထားလျက် မျောပါနေတဲ့ ကလေးငယ်ရဲ့ အသက်မဲ့နေတဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လည်ပင်းမှာလည်း ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အပြင်းအထန် ကြိုးပမ်းမှုအပြီးမှာ ဂျိုင်းကောင်ခမ်း ကို ဖမ်းဆီးနိုင်ခဲ့ပြီး အခင်းဖြစ်နေရာမှာ သူဟာ ကလေးငယ်ကို သတိလစ်တဲ့အထိ လည်ပင်းအနောက်ကို ထိုးကြိတ်ခဲ့ကာ ပြီးတဲ့နောက်မှာ ရေကန်ထဲကို စွန့်ပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ခုလို ကလေးငယ်ကို ပြန်ပေးဆွဲ၊ သ-တ်ဖြတ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မေးမြန်းစစ်ဆေးရာမှာတော့ ဂျိုင်း က ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူနဲ့ တွဲနေတာ တစ်နှစ်လောက်ရှိပြီဖြစ်ပေမဲ့ ကလေးငယ်ရဲ့ မိဘတွေက လမ်းခွဲဖို့ ဖိအားပေးခဲ့ကြတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲခဲ့ရတာကို မကျေနပ်လို့ ကလေးမိဘတွေကို လက်စားချေချင်လို့ လုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျိုင်း ကတော့ “တောင်းပန်ပါတယ်” လို့ တစ်ခွန်းသာပြောပြီး ကလေးငယ်တွေရဲ့ မိသားစုကို တောင်းပန်ခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ရဲတွေနဲ့ ဆွေးနွေးဖို့ ငြင်းဆိုခဲ့ကာ ကလေးငယ် သေဆုံးခဲ့ရမှုဟာဆိုရင်တော့ ထိုင်းနိုင်ငံအတွင်းမှာ ထိပ်လန့်တုန်လှုပ်စရာ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
Ref; The Thaiger