October 18, 2024

၁၈. ၈. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နခွန်ပသမ်ခရိုင်မှာ ပြီးခဲ့တဲ့လက အသက် ၂၀ အရွယ် မြန်မာမိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူ အသက် ၆၁ နှစ်အရွယ် ထိုင်းအမျိုးသားက ဩဂုတ်လ ၁၆ ရက်က နခွန်ပသမ် ရဲစခန်းကို သွားပြီး ကိုယ်တိုင် အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် မြန်မာအမျိုးသမီး Arisa (အမည်လွှဲ) ဟာ ဇူလိုင်လ ၂၆ ရက်က အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၆၁ နှစ်ရှိ ဝူတီချိုင်းဟာ သူမ ဖခင်ရဲ့ အလုပ်ရှင်ဖြစ်တယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေ့မှာ ဝူတီချိုင်းဟာ သူမကို သူမရဲ့ဖခင်ပါ ပါမယ်လို့ဆိုကာ ခရီးတစ်ခုကို သူ့ကားနဲ့ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လမ်းတစ်ဝက်မှာ သူမဖခင်လိုက်မှာဖြစ်တယ်လို့ပြောခဲ့တာကြောင့် သူမက ဝူတီချိုင်းကိုယုံပြီး လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာ ဝူတီချိုင်းဟာ သွားတဲ့ လမ်းကြောင်းပြောင်းသွားခဲ့ပြီး အဲ့ဒီနောက်မှာ သူက ကားမောင်းရတာ ပင်ပန်းနေလို့ဆိုကာ အိမ်တစ်ခုကို ခေါ်သွားခဲ့ပြီး အဲ့ဒီမှာတော့ သူမကို အခန်းတံခါးပိတ် သော့ခတ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ သူမက ပြောကြားခဲ့ပါတယ်။

သူမဟာ အဲ့ဒီအချိန်မှာ အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့လည်း ဘယ်သူမှ မကြားခဲ့ကြဘဲ နောက်ပိုင်းမှ ရေချိုးခန်းကို သွားခွင့်တောင်းကာ သူမရဲ့ အလုပ်ရှင်ကို လိပ်စာတည်နေရာပို့ပြီး အကူအညီတောင်းခဲ့ကာ အဲ့ဒီကနေမှ ရဲအရာရှိတွေရောက်ရှိလာပြီး သူမကို ကယ်တင်ခဲ့တာပါ။ ဝူတီချိုင်း ကတော့ အဲ့ဒီချိန်မှာ ရဲတွေလက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဝူတီချိုင်း က ဖြစ်စဉ်ဖြစ်ပွားပြီး ရက်ပေါင်းများစွာကြာမှ လာရောက်အဖမ်းခံရာမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်အတွက် ဝန်ခံခဲ့ပြီး Arisa ကို တစ်ဖက်သတ် ချစ်မြတ်နိုးမှုကြောင့် လုပ်ခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။

Arisa နဲ့ သူမရဲ့အလုပ်ရှင်က အခင်းဖြစ်ပွားပြီးနောက် အလုပ်သမားကာကွယ်ရေးကွန်ရက် (LPN) နဲ့ လူမှုဖွံဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး အဓမ္မပြုကျင့်ခဲ့သူကို ရှာဖွေဖို့နဲ့ လာအဖမ်းခံဖို့ ဖိအားပေးဖို့ရာ တာဝန်ရှိသူတွေကိုလည်း တိုင်ကြားခဲ့ကာ ရဲအရာရှိတွေကတော့ Nakhon Si Thammarat မြို့မှာ ပုန်းအောင်းနေခဲ့တဲ့ ဝူတီချိုင်းရဲ့ တည်နေရာကို သိရှိခဲ့ပေမဲ့လည်း အဲ့ဒီအချိန်မှာ သူ့ကိုဖမ်းဆီးဖို့ ကြီးကြီးမားမားလုပ်ဆောင်မှုတွေနဲ့ ရှာဖွေမှုတွေမလုပ်ဆောင်ခဲ့ဘူးလို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *