၁၈.၈.၂၀၂၃
Written By Thandar
မနက်ဖန်ထုတ်လွှင့်မှ ဖြစ်တဲ့ “ပန်းထောင်ချောက်”ဇာတ်လမ်းတွဲက ဟန်နီရဲ့ ပထမဆုံးဇာတ်ကားမို့ စိတ်လှုပ်ရှားပါတယ်လို့ သရုပ်ဆောင် ဟန်နီစုစံက ပြောပါတယ်။
ဒီ Horror Thriller ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းက သြဂုတ်လ ၁၉ ရက်မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ “ဒီဇာတ်လမ်းတွဲက ပါဝင်ထားတဲ့သရုပ်ဆောင်တွေအကုန် ကြိုးစားအားထုတ်ထားကြတဲ့ကားလေးပါ။ ပန်းထောင်ချောက်မှာ ညီမက ဖြူနုဆိုတဲ့ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးခွင့်ပေးတဲ့ Forever Group ကိုလည်း ကျေးဇူး တင်ပါတယ်။ ဟန်နီရဲ့ ပထမဆုံးဇာတ်ကားမို့ စိတ်လှုပ်ရှားပါတယ်။ ကာရိုက်တာလည်း အသစ်အဆန်းလေးမို့ အရမ်းလည်း အားစိုက်ထားပါတယ်။ ပန်းထောင်ချောက်မှာဆိုရင် ပရိသတ်တွေရဲ့ အားလပ်ရက်တွေမှာ ထုတ်လွှင့်မှာမို့ ကြည့်ရှုအားပေး ကြလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဟန်နီစုစံက ပြောပါတယ်။
FG Series က စီစဉ်တင်ဆက်ထားတဲ့ “ပန်းထောင်ချောက်” ဇာတ်လမ်းတွဲကို ကျော်ကျော်ထွန်းနဲ့ လင်းထက်အောင်တို့ရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းလည်းဖြစ်ပြီး ဒါရိုက်တာပြည်သစ်နိုင်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲက အဆောင်တစ်ခုထဲမှာ နေထိုင်ကြတဲ့ မတူညီတဲ့ အဆောင်နေသူတွေအကြား ကြုံတွေ့ရလာမယ့်အဖြစ်တွေ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းအဖြစ် ရိုက်ကူးတင်ဆက်ထားတယ်လို့ သိရပါတယ်။
“ပန်းထောင်ချောက်”ဇာတ်လမ်းတွဲက ကျွန်တော့်အတွက် ပထမဦးဆုံး Horror Thriller ကြောက်မက်ဖွယ်လျှို့ဝှက်သဲဖိုဇာတ်လမ်းအမျိုးအစားဖြစ်လို့ အသေးစိတ် သေချာပြင်ဆင်ရိုက်ကူးထားတဲ့ကားပါ။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေအနေနဲ့ တစ်ယောက်ချင်းဆီမှာ လုပ်ကွက်ကောင်းတာလေးတွေကို ရရှိထားတာလည်းဖြစ်ပါတယ်။ မြန်မာဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေ အကြိုက်ရစေအောင် အကောင်းဆုံးကြိုးစားထားပါတယ်။ ထုတ်လွှင့်လာရင်လည်း ကြည့်ရှုပြီး ဝေဖန်အား ပေးကြပါဦး”လို့ ဒါရိုက်တာ ပြည်သစ်နိုင်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ရှင်မွေလ၊ မင်းဘုန်းမြတ်၊ မာန်ဟိန်း၊ သုတအောင်၊ လပြည့်၊ စောမင်းယျာ၊ ဇွန်ဝေယံ၊ သက်ဦးကို၊ Lucas၊ ဝေလျှံအောင်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ဟန်နီစုစံ၊ ခိုင်သဇင်ငုဝါ၊ မေမြတ်နိုးသွယ်တို့နဲ့ အတူ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“ပန်းထောင်ချောက်” ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းက သြဂုတ် ၁၉ ရက်ကစတင်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေရဲ့ ည ၈ နာရီအချိန်မှာ ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။