October 18, 2024

၁၇. ၈. ၂၀၂၃

Written By Thandar

ရေဒီယိုရွှေခေတ်ဓါတ်ပြားရ မြန်မာသံ အလွမ်းတေး‌သီချင်းတွေကို ဖော်ကျူးရေးခဲ့တဲ့ တေးရေးဆရာမောင်ကျော်ဇောရဲ့ အလွမ်းသီချင်းပွဲတော် မကြာခင်ပြုလုပ်မယ်လို့ MT News ကို ပြောပါတယ်။

“သမီးလေးခက်ခက်က အိမ်ရောက်လာပြီး ရွှေပြည်တော်မျှော်တိုင်းဝေး လာဝယ်တော့ ဘယ်လိုဆိုမှာလဲ မေးဖြစ်တယ်။ ဆရာ့ သီချင်းတွေအကုန်လုံးကို ကြိုက်တယ် ဆိုလည်းဆိုချင်တယ် ပြောတယ်။ ဒီသီချင်းကတော့ သီချင်းတွေထဲမှာ အခက်ဆုံးနော်လို့ပြောတော့ သူ့ဆိုနိုင်တယ် ပြောခဲ့တယ်။ ကိုယ့်လည်းဆိုခွင့်ပြုလိုက်တယ်။ သမီးက တချို့က ဖန်တီးတဲ့သူရှိနေချိန်မှာ သီချင်းတွေ အကောင်အထည်မဖော်ကြဘူး။ ဆရာတို့ သက်ရှိထင်ရှားရှိချိန်မှာဆရာအပါအဝင် ဂုဏ်ပြုချင်တယ် လေးလေး စားစားပြန်ဆိုပြချင်တယ်ဆိုလို့ ခွင့်ပြုပေးလိုက်တာပါ ” လို့ တေးရေးဆရာကြီး မောင်ကျော်ဇောက MT News ကိုပြောပါတယ်။

တေးရေးဆရာကြီး မောင်ကျော်ဇောရဲ့သီချင်းတွေကို တေးသံရှင် ခက်ခက်မိုးဦးက ပြန်လည် သီဆိုပြီး ဆရာ့ကိုဂါရဝပြု ဂုဏ်ပြုချီးမြင့်မယ့် ပွဲမကြာခင်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

သူ့ရဲ့ အလွမ်းသီချင်းတွေဖြစ်တဲ့ ‘သံသရာဆုတောင်း’ တေးသီချင်းကို ၁၉၇၄ ခုနှစ်က တေးဆို ကိုတင်လှိုင်၊’မေတ္တာဘုံက ပုံပြင်သက်ထား’ တေးသီချင်းကို ၁၉၇၅ ခုနှစ်က တေးဆို ကိုသန်းလှိုင်၊ ‘အမုန်းတိုင်လေးစိုက်ထားသည်’သီချင်းကို ၁၉၇၅ ခုနှစ်ကတေးဆို ညိုမြလေး၊ ‘နေပူထဲမှာကြွေခဲ့ပါပြီ’ တေးသီချင်းကို  ၁၉၇၆ ခုနှစ်ကတေးဆို  မောင်မောင်မြတ်သွင်၊ ‘ပြန်လည်ဆုံစည်းကြမယ် အချစ်ရယ်’ တေးသီချင်းကို ၁၉၇၆ခုနှစ်ကတေးဆို  စန္ဒရားချစ်ဆွေ၊ ‘မင်းမျက်လုံးအိမ်ထဲမှာကိုယ့်အရိပ်’ တေးသီ ချင်းကို ၁၉၇၆ ခုနှစ်က တေးဆို  စန္ဒရားချစ်ဆွေ၊ ‘ပန်းဆိုရင်ကြွေပြီးရော့မယ်’ တေးသီချင်းကို ၁၉၇၆ ခုနှစ်က တေးဆို ကိုတင်လှိုင်၊ ‘ယောက်ျားဆိုတဲ့မိုး’တေးသီချင်းကို  တေးဆို ညွန့်ညွန့်စိန်၊ ‘အီကွေတာအသည်းနဲ့ အမြဲစိမ်းသစ်ပင်မလေး’ တေးသီချင်းတွေကိုတေးဆို ညိုမြလေး စတဲ့သူတွေက သီဆိုခဲ့ကြပြီး ရင်တွင်းခံစားချက် တေးသီချင်းပေါင်း ၁၅၀ ကျော်ကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

တေးရေးဆရာကြီး မောင်ကျော်ဇောရဲ့ အလွမ်းသီချင်းတွေဖြစ်တဲ့ အဓိပတိလမ်းမှာမိုးတွေရွာ၊ မိုးမခအလွမ်း၊ သို့- မိုးရိပ်ဧည့်သည်၊ အကြွေးရတောင်မလွမ်းတော့ပါဘူး၊ အလွမ်းနွေကိုစမ်းရေထဲမျှောလိုက်ပြီ၊ မင်းမျက်လုံးထဲမှာကိုယ့်အရိပ်၊ အတိတ်မှာလည်းမိုးသည်းဖူးတယ်၊ အစိမ်းရင့်ရာသီ၊ နံ့သာမြိုင်ကချစ်ဧည့်သည်၊ ကံ့ကော်တောက ဥဩလေးများ စတဲ့ တေးသီချင်းတွေကလည်း ပရိသတ်ရင်ထဲကို ထိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိ တေးရေးဆရာကြီးရဲ့ ကျန်းမာရေးကတော့ ဘယ်ဘက်အခြမ်း လေဖြန်းနေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *