October 18, 2024

၁၇. ၈. ၂၀၂၃

Written by Nay Aung

မြန်မာအစိုးရပိုင်ဘဏ်များဖြစ်သော နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)၏ ငွေကြေးများသည် ဘင်္ဂလားဒေရှ့်အစိုးရပိုင် Sonali Bank ဆိုနာလီဘဏ်တွင် ပိတ်မိနေပြီး ထုတ်ယူရန်မဖြစ်နိုင်ဘဲရှိနေကြောင်း သိရသည်။ MFTB ဘဏ်သည် ဆိုနာလီဘဏ်တွင်အပ်နှံထားသည့် ငွေကြေးအမေရိကန်ဒေါ်လာ တစ်သိန်း၊ MICB ဘဏ်ကလည်း ဆိုနာလီဘဏ်တွင်အပ်နှံထားသောငွေကြေး အမေရိကန်ဒေါ်လာတစ်သန်းရှိနေကြောင်း သိရသည်။

နစက အစိုးရသည် ဘင်္ဂလားဒေရှ့်ဆိုနာလီဘဏ်တွင်အပ်နှံထားသော ငွေကြေးများကို ပြန်လည်ထုတ်ယူနိုင်ရန်လက်ရှိအချိန်တွင် လိုလားနေရာ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဆိုနာလီဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ငွေကြေးများပြန်လည်ထုတ်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ့်အခြေစိုက်သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများလုပ်ဆောင်ရာတွင် ငွေကြေးလွှဲပြောင်းမှုများအတွက် ဆိုနာလီဘဏ်ကို အဓိကထားအသုံးပြုခဲ့ကြောင်း သိရသည်။

ဆိုနာလီဘဏ်က လက်ရှိအချိန်တွင် မြန်မာအစိုးရပိုင်ဘဏ်နှစ်ခုက အပ်နှံထားသော ငွေကြေးများကို ပြန်လည်လွှဲပြောင်းပေးရန်မဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။ ဆိုနာလီဘဏ်၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့်Afzal Karim က “ဆိုနာလီဘဏ်မှာအပ်နှံထားတဲ့ မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုရဲ့ငွေကြေးတွေကိုလည်း အခြားဘဏ်တွေထံ လွှဲပြောင်းပေးလို့မရနိုင်ဘူး၊ မြန်မာသံအမတ်ကြီးဟာ ဆိုနာလီဘဏ်မှာအပ်နှံထားတဲ့ မြန်မာဘဏ်နှစ်ခုရဲ့ငွေကြေးတွေကို အခြားဘဏ်တွေကို လွှဲပြောင်းပေးပြီး ပြန်ရလိုနေပေမယ့် ပိတ်ဆို့မှုချမှတ်ခံထားရတဲ့အတွက် ဘဏ်တွေဟာ ငွေကြေးတွေကိုလွှဲပြောင်းပေးမှာမဟုတ်ဘူး​။ မြန်မာဘဏ်နှစ်ခုဟာ ကျွန်တော်တို့ ဘဏ်မှာအပ်နှံထားတဲ့ငွေကြေး အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ နီးပါးရှိနေပါတယ်။ ဒါပေမယ့် မြန်မာဘဏ်နှစ်ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့မှုချမှတ်လိုက်ပြီးနောက် ကျွန်တော်တို့ဟာ မြန်မာဘဏ်အကောင့်တွေကို သိမ်းဆည်းလိုက်တဲ့အတွက် ငွေကြေးတွေ ပြန်ထုတ်ပေးလို့မရဘူး”ဟု ပြောသည်။

အမေရိကန်အစိုးရသည် မြန်မာ MFTB ဘဏ်နှင့် MICB ဘဏ်တို့နှင့် ချိတ်ဆက်လုပ်ကိုင်နေသော ဆိုနာလီဘဏ်အကောင့်များကို ပိတ်သိမ်းရန် ဘင်္ဂလားဒေရှ့်အစိုးရကို ဖိအားပေးနေကြောင်းသိရသည်။ ဆိုနာလီဘဏ်သည်မြန်မာ MFTB ဘဏ်တွင် အပ်နှံထားငွေ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ရှိနေသလို MICB ဘဏ်တွင် အပ်နှံထားသောငွေကြေး  အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ရှိနေကြောင်း သိရသည်။ ဆိုနာလီဘဏ်အနေဖြင့် မြန်မာဘဏ်နှစ်ခုအပေါ်ချမှတ်ထားသောပိတ်ဆို့မှုများကြောင့် ၎င်းတို့အပ်နှံငွေများကိုလက်ရှိအချိန်တွင် ပြန်ထုတ်ယူရန် အဆင်မပြေဘဲဖြစ်နေကြောင်း သိရသည်။

Ref- — The Business Standard

Leave a Reply

Your email address will not be published. Required fields are marked *