October 18, 2024

၁၇. ၈. ၂၀၂၃
Written by Ye Kyaw

၂၀၃၀ ခုနှစ်တွင် Sustainable Natural Rubber (SNR) Guideline ဖြင့် ထုတ်လုပ်ထားသည့် ရော်ဘာဖြစ်မှသာ နိုင်ငံတကာရော်ဘာဈေးကွက်၌ နိုင်ငံတကာပေါက်ဈေးဖြင့် ရောင်းချနိုင်မည်ဖြစ်၍ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာ့သဘာဝရော်ဘာထုတ်လုပ်မှုကဏ္ဍမှာ SNR Guideline နှင့်အညီ ထုတ်လုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် SNR ရော်ဘာများ ထုတ်လုပ်ရောင်းချနိုင်မှုအတွက် အခြေခံ လိုအပ်ချက်များ သတ်မှတ်အသုံးချနိုင်ရေး ညှိနှိုင်း‌ဆွေးနွေးပွဲကို မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း (Myanmar Sustainable Natural Rubber Association) နှင့် Myanmar KOEI International Limited တို့မှ ဦးစီး၍ ဩဂုတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရော်ဘာကဏ္ဍအတွက် SNR ရော်ဘာထုတ်လုပ်ရေးသည် အရေးကြီး၍ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ Sustainable Development Goals မူဘောင်တစ်ခုချမှတ်ပြီး အချက် ၁၇ ချက်ပါ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှနေ၍ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-17_15-40-54-1024x769.jpg

ယင်းကြေညာချက်အရ World Business Council for Sustainable Development – WBCSD တွင် တာယာကဏ္ဍမှ ရော်ဘာကို အသုံးပြုနေခြင်းဖြစ်သည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်းမှ သစ်တောပြုန်းတီးမှု Supply Chain တလျှောက် လူအခွင့်အရေး သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အတွက် Guideline ကို ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ်လ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကျင်းပ ဆွေးနွေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရော်ဘာအသင်းများမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ ၊ MSR Crumb စက်ရုံများနှင့် ပြည်ပသို့ ရော်ဘာတင်ပို့သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရော်ဘာစိုက်ပျိုးဧက တစ်သန်းခွဲကျော်ရှိသည့်အနက် ထုတ်လုပ်နိုင်သည့်ဧကပေါင်း ရှစ်သိန်းခွဲကျော်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်လေးသိန်းခန့် ထွက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

‌ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *