၁၆. ၈. ၂၀၂၃
Written by Ye Kyaw
AD လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေအား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများအတွက် ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး အဆိုပါ သတင်းနှင့် ပတ်သက်၍ မှန်ကန်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ယနေ့ ဖြေကြားထားသည်။
နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealar-AD) လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ် (Thai Baht) အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ပြုလုပ်ရန်အတွက် ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၁၄ ရက် ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်သည်။
ဩဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၃,၇၈၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၄၀ အထိမြင့်တက်ခဲ့သည်။ ဒေါ်လာဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန်တွင် ဗဟိုဘဏ်မှ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ထိုင်းဘတ်ငွေအား ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၁၅ ရက်တွင် ပြည်တွင်း၌ ထိုင်းဘတ်ငွေဈေးနှုန်းသည် တစ်ဘတ်လျှင် ကျပ် ၁၀၀ ဝန်းကျင် (ကျပ်တစ်သိန်းလျှင် ၉၉၅ ဘတ်)ဝန်းကျင်ရှိကြောင်း နိုင်ငံခြားငွေကြေးအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။