၁၅. ၈ .၂၀၂၃
Written by Hey Mar
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်ကျေးရွာမှာပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်ဟောင်းမြေစာပုံပြိုကျမှုထဲ မျောပါပျောက်ဆုံးခဲ့သူတွေထဲက ခုနစ်လောင်းကို သြဂုတ်လ ၁၅ ရက် နေ့လည်ပိုင်းအချိန်အထိ ပြန်လည်တွေ့ရှိထားတယ်လို့ လက်ကမ်းပရဟိတအဖွဲ့ကနေ သိရပါတယ်။
ပျောက်ဆုံးနေသူ (၃၀) ကျော်ထဲကမှ အလောင်းခုနှစ်လောင်းကို စတင်တွေ့ရှိနေပြီလို့ ကယ်ဆယ်ရေးပြုလုပ်နေသူများထံကနေ သိရပါတယ်။ မြေစာပုံပြိုကျပြီး နှစ်ရက်ကျော်အကြာမှာ အလောင်းခုနှစ်လောင်းက ကန်အတွင်းပြန်ပေါ်တာမို့ ကယ်ဆယ်ရေး ပရဟိတအသင်းတွေက ဆယ်ယူပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
”ပျောက်ဆုံးစာရင်းကစဖြစ်တဲ့ ဩဂုတ်လ ၁၃ ရက်ကနေ အခုနှစ်ရက်ကြာတဲ့အထိ နေ့တိုင်းတိုးနေတာ၊ မိသားစုရှိသူတွေက အလွယ်သိနိုင်ပေမယ့် တစ်ကိုယ်ရေသမားတွေက ဟိုဟိုဒီဒီ သွားသလိုထင်ရတာမို့ ခဏစောင့်ပြီးမှ ပုံမှန်ထက်ပျောက်ချိန်ကြာမှ စာရင်းလာသွင်းလာကြတော့ တစ်ယောက်ပြီးတစ်ယောက်တော့တိုးတယ်။ မနေ့က ညနေပိုင်းအထိတော့ စောစောပိုင်းက ၃၅ ယောက်ကနေ ၃၈ ယောက်ဖြစ်သွားတယ်။ ထပ်လည်း တိုးလာနိုင်ဦးမယ်လို့တော့မှန်းရတယ်။ ကန်အခြေအနေအရရော မိုးကလည်း ရွာလိုက် စဲသွားလိုက်မို့ အန္တရာယ်များလို့ အင်တိုက်အားတိုက်တော့ ရှာဖို့ခက်တယ်´´ လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်ဒေသခံ ပရဟိတအသင်းက ပြောပြပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် မိုးရွာသွန်းမှုတွေကြောင့် မကြာခဏရပ်နားနေရသလို မြေစာပုံလည်း တဖြည်း ဖြည်းပြိုကျမှုတွေရှိနေတဲ့အတွက် ရှာဖွေရေးလုပ်ငန်း နှောင့်နှေးရတယ်လို့ ဆိုကြပါတယ်။ အခုလိုပြိုကျရတာက တောင် သဏ္ဍာန်ဖြစ်ပေါ်နေတဲ့ မြေစာပုံပေါ်မှာ မိုးရေကြောင့် ကန်ဖြစ်ပေါ်လာပြီး အဲဒီကန်ရဲ့အထက် ပေ ၂၀၀ လောက်မှာမှ တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေ ရှိနေတာလို့ သိရပါတယ်။ မိုးတွင်းဖြစ်တာကြောင့် ကုမ္ပဏီကြီးတွေက တူးဖော်မှုနားထားရပေမယ့် တစ်နိုင်တစ်ပိုင် လူအားနဲ့ ၅ ပေ ၆ ပေကျင်းလေးတွေကို ဆိုင်ရာပိုင်ရာနဲ့ လက်သိပ်ထိုးလုပ်ကိုင်ကြတာဖြစ်ပြီး တစ်ကျင်းကို ကျင်းသား နှစ်ယောက်လောက်နေ ၁၀ ယောက်လောက်အထိ ရှိတတ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပျောက်ဆုံးနေသူတွေကို သေဆုံးပြီလို့ယူဆရပြီး ရေငုပ်ဆယ်ယူဖို့ထက် ပေါ်လာတဲ့ရုပ်အလောင်းတွေကိုသာ ကန်တစ် လျှောက် လိုက်လံကြည့်ရှုဆယ်ယူတာတွေကို ဒေသတွင်း ပရဟိအဖွဲ့ ၁၀ ဖွဲ့မှ ပူးပေါင်း ပရဟိတအသင်းသား ၁၀၀ ကျော်က ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။