၁၅.၈.၂၀၂၃
Written by Peya
ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို ကျေးရွာပေါင်း ၄၃ ရွာတွင် စတင် စမ်းသပ်ဆောင်ရွက်ပြီးနောက် ထပ်မံ၍ ကျေးရွာပေါင်း ၄၅ ရွာ၌ ထပ်တိုးဆောင်ရွက်နေကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်ပေါ်စေရေး ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၈၂) မြို့နယ်၊ ကျေးရွာ (၈၈) ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကာ စီမံကိန်းကာလမှာ စီမံကိန်းစတင်သည့်နှစ်မှစ၍ ငါးနှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၆၀ ထောက်ပံ့ ဆောင်ရွက်ပေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
“Smart Village ကတော့ မြို့ပြနဲ့ ကျေးလက်ကွာဟမှုကျဉ်းမြောင်းစေရေးပေါ့။ ပြောရလို့ရှိရင် ကျေးရွာတွေလည်း မြို့နဲ့ အတူ ဖွံ့ဖြိုးရမယ်ပေါ့။ ကျေးလက်ဖွံ့ဖြိုးရေးကို လုပ်နေတဲ့အခါ ပုံစံမျိုးစုံနဲ့ ဝင်ကြတာပေါ့။ အဲ့ဒီ ပုံစံအစား တစ်စုတစ်စည်းတည်း ဘက်စုံဖွံ့ဖြိုးရေးကို ဦးတည်ပြီးဝင်တဲ့ ပုံစံနဲ့ ကျေးရွာတစ်ရွာကို ရွေးလိုက်ပြီဆိုတာနဲ့ အဲ့ဒီကျေးရွာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအားလုံးကို လုပ်ပေးပြီးတော့ ဆင်းရဲနွမ်းပါးမှု ဇီးရိုးအထိ ကျသွားအောင် ရည်ရွယ်ပြီး ဆောင်ရွက်တာပေါ့။ အဲ့ဒီ စီမံကိန်းက ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ၄၃ ရွာ ဆောင်ရွက်ခဲ့တာပေါ့။ ဒီနှစ်မှာတော့ နောက်ထပ် ၄၅ ရွာ ထပ်တိုး တယ်။ အဲ့ဒီတော့ စုစုပေါင်း ၈၈ ရွာ ဖြစ်နေတာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ထိုသို့ဆောင်ရွက်ရာတွင်လုပ်ငန်းစဉ် ခြောက်ရပ်ရှိပြီး ကျေးရွာ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ လိုအပ်သော သွင်းအားစုနှင့် ငွေကြေး ထောက်ပံ့ခြင်း၊ ကျေးရွာ၏ စီးပွားရေး မြင့်မားစေရေး၊ ကျေးရွာ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ နည်းပညာရရှိရေး စသည်ဖြင့် ပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။
“အခု ထပ်တိုးတာက ဒီ ဘဏ္ဍာရေးနှစ် ဧပြီမှ စတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ရွာရွေးချယ်တာတွေ၊ ကော်မတီဖွဲ့စည်းတာတွေ ပြီးပြီ။ ငါးနှစ်အတွင်း ဒီရွာတွေမှာ ဘာလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ပလန်ဆွဲထားတာပေါ့။ ပလန်ဆွဲတဲ့ လုပ်ငန်းတွေ ပြီးပြီဆိုတော့ ဒီဘဏ္ဍာရေးနှစ်မှာပါတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ စနေပြီပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆို သည်။