၁၅. ၈. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းအခွန်များဦးစီးဌာန၏ ဒုတိယဦးစီးမှူးရာထူးနေရာ ၂၅၀ ဦးနှင့် သမဝါယမဦးစီးဌာနမှ အမှုထမ်းရာထူး လစ်လပ် ၃၁၉ နေရာအတွက် အလုပ်လျှောက်လွှာများအပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့အတွက် အလုပ်လျှောက်ထားနိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်း ကျပ် (၂၁၆,၀၀၀- ၂၀,၀၀၀-၂၂၆,၀၀၀) ရရှိသော ဒုတိယဦးစီးမှူးရာထူး ၂၅၀ နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပြီး လျှောက်ထားသူသည် အသက် ၂၇ နှစ်ထက် မကျော်လွန်ဘဲ တက္ကသိုလ် ဘွဲ့တစ်ခုခုရရှိသူ (စီးပွားရေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ သို့မဟုတ် တက္ကသိုလ်ဘွဲ့တစ်ခုရရှိပြီး စာရင်းကိုင် ဒီပလိုမာတစ်ခုခုရရှိပြီးသူများအား ဦးစားပေးမည်) ဖြစ်ကြောင်း ကြေညာထား သည်။
လျှောက်လွှာများကို ပြည်တွင်းအခွန်ဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လာမည့် စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထားတင်သွင်းရမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုသည်များကို ပြည်တွင်းအခွန်များဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်မှုဌာနခွဲ ဖုန်း/ ၀၆၇-၃၄၃၀၀၂၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖော်ပြထားသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးမှုဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ မြို့နယ်ရုံးများနှင့်သမဝါယမကောလိပ်(ဖောင်ကြီး/မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြလစာ နှုန်း ကျပ် (၂၁၆,၀၀၀-၂၀,၀၀၀- ၂၂၆,၀၀၀) အတွက် ၁၄ ဦး၊ အငယ်တန်းစာရေး (၁၈၀,၀၀၀-၂၀,၀၀၀-၁၉၀,၀၀၀) အတွက် ၂၄၆ ဦး၊ ယာဉ်မောင်းနှင့်စက်ပြင် ရှစ်ဦး၊ အစောင့် ၅၁ ဦး စုစုပေါင်း လစ်လပ်နေရာ ၃၁၉ ဦးအထိ အလုပ်များခေါ်ယူထားသည်။
အလုပ်လျှောက်လိုသူများသည် နေပြည်တော်ရှိ သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီး ဌာနရုံးများနှင့် သမဝါယမကောလိပ် (ဖောင်ကြီး၊ မန္တလေး) သို့ လာမည့် စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်သည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတွင်လည်း လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး ခြောက်ဦး၊ သုတေသနလက်ထောက်-၂ သုံးဦး၊ ဒုတိယလက်ထောက်ဦးစီးမှူးသုံးဦး၊ သုတေသနလက် ထောက်-၄ သုံးဦး၊ အငယ်တန်းစာရေးလေးဦး စုစုပေါင်းအလုပ် နေရာ ၁၉ နေရာအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်နေရာချထားရေးဦးစီးဌာနအတွက် အငယ်တန်းစာရေး ၃၀ ဦး အပါအဝင် ပစ္စည်းထိန်းနှင့် ယာဉ်မောင်း စုစုပေါင်း အလုပ်နေရာ ၄၅ နေရာ ခေါ်ယူထားခြင်းဖြစ်သည်