၁၄.၈. ၂၀၂၃
Written by Thuta Zaw
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကားမီးရှို့ပြီး ဖမ်းခေါ်ခံရသူ ၂ ဦး၏ သတင်းအစကို ယခုထက်တိုင် မရသေး ကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မောင်တောမြိုနယ်၊ ကြိမ်ချောင်းကျေးရွာနှင့် လောင်းဒုံကျေးရွာကြား၊ မောင်တော- ကြိမ်ချောင်း သွား ကားလမ်းဘေးတွင် ဩဂုတ်လ ၁၂ ရက် ညနေပိုင်း ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကလူဂါအမျိုးအစား ကား ကို မီးရှို့ပြီး ကားပေါ်ပါသူ နှစ်ဦးကို ဖမ်းခေါ်သွားခြင်း ဖြစ်သည်။
“အဖမ်းခံရတာ မူဆလင်နှစ်ယောက်ပါ။ တစ်ယောက်က ကားပိုင်ရှင်ဦးလှဝင်း။ နောက်တစ်ယောက်က ဦးလှဝင်းရဲ့ ညီ အာရ်ဖက် လို့ ခေါ်ပါတယ်။ အဖွဲ့တစ်ခုက ဖမ်းသွားတယ်လို့ သိရတယ်။ နောက်ဆုံးသိရသလောက်အထိကတော့ ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတာလည်း ဆိုတာ မသိရသေးဘူး။ သူတို့အခြေအနေကလည်း ဘယ်လိုဆိုတာ မသိရသေးပါဘူး။ မိသားစုတွေကတော့ စုံစမ်းနေတာပေါ့” ဟု အထက်ပါဒေသခံက ဆိုသည်။
ဖမ်းခေါ်ခံရသူ နှစ်ဦးစလုံးမှာ စံပယ်ကုန်းရွာနေသူများ ဖြစ်ကြပြီး အဘယ့်ကြောင့်ထိုသို့ ဖမ်းခေါ်ရသည် ဆိုသည့် အကြောင်းကို သို့လော သို့လော ပြောကြားမှုများ ရှိသော်လည်း တိကျသည့် အကြောင်းရင်းကို မသိရကြောင်း ၎င်းက ဆိုသည်။
“ဒီမှာ ပြောနေကြတာက အာဆာ က ဖမ်းသွားတာလို့ ပြောနေကြတယ်။ သိရလောက်က ငွေကြေးပြဿနာတွေ ရှိတယ်။ ဒါကြောင့် အာဆာ က ဖမ်းသွားတယ်လို့ ပြောနေကြတာပါ။ တာဝန်ရှိသူတွေကလည်း ရှာဖွေနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒေသခံများကို မေးမြန်းထားချက်များအရ အဆိုပါအဖွဲ့သည် ဖမ်းဆီးပြီးနောက် မေယု တောင်ကြောဘက်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။