၁၄. ၈. ၂၀၂၃
Written by Pan Ei
ထိုင်း – မြန်မာနယ်စပ်တလျှောက် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေကို ကူညီပေးဖို့ တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖန်ဆေးရုံကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ရန်ပုံငွေ ဘတ် သန်း ၂၀ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အုန်းဖန်ဆေးရုံဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထွက်ပြေးလာသူ ဒုက္ခသည် အများအပြား အတွက် အဓိက ဆေးဘက်ဆိုင်ရာ ခိုလှုံရာစရာနေရာဖြစ်လာပြီး လူနာအရေအတွက်မှာလည်း များစွာမြင့်တက်လာတာကြောင့် ဆေးရုံရဲ့ လည်ပတ်မှုကုန်ကျစရိတ်ဟာလည်း သိသိသာသာ တိုးလာခဲ့ကာ ဘတ် သန်း ၄၀ အထိ လိုငွေ ပြခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပမာဏဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ဆေးရုံမှာ ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး ဘတ်ဂျက်အကျပ်အတည်းဖြစ်တယ်လို့ အုန်းဖန်ဆေးရုံရဲ့ ဒါရိုက်တာ ဒေါက်တာ Worawit Tantiwattanasap က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်ရွှေ့ပြောင်းဒုက္ခသည် အတွင်းလူနာတွေရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ရွှေ့ပြောင်းပြင်ပလူနာတွေရဲ့ ထက်ဝက်လောက်ဟာ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေအတွက် မတတ်နိုင်ကြဘူးလို့လည်း သိရပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ငှက်ဖျားရောဂါလည်း ဖြစ်ပွားနေတာကြောင့် လူနာအများအပြားဆေးရုံတင်ထားရတယ်လို့ ဒေါက်တာ Worawit ကပြောကြားခဲ့သလို ကလေးမီးဖွားဖို့အတွက်လည်း တာ့ခ်ခရိုင်ကို ရွှေ့ပြောင်းနေထိုင်သူတွေ ပိုမိုရောက်ရှိလာတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; Bangkok Post