၁၄. ၈. ၂၀၂၃
Written by Peya
မြန်မာ – လာအို ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ရုံးများ အမြန်ဆုံး ဖွင့်လှစ်ရေးအတွက် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား နှစ်ဘက် ဆွေးနွေးထားကြောင်း သတင်းရရှိသည်။
ရှစ်ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matter – AMMD)ကို ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Bilateral တွေ့ဆုံစဉ် အထက်ပါအတိုင်း ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
နှစ်နိုင်ငံနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအို ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်နားလည်မှုစာချွှန်လွှာအရ နှစ်စဉ်အပြန်အလှန်အစည်းအဝေးများ ပြန်လည်စတင် ဆောင်ရွက်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် Online လိမ်လည်ရာဇဝတ်မှုများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့် ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စရပ်များ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် ပတ်သက်၍ (၈) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေး ရောယှက်မှုများကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။