၁၄. ၈. ၂၀၂၃
Written by Min Mahar
နွားထိုးကြီးမြို့နယ်မှာ ဩဂုတ်လ ၁၁ ရက် ညက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်လူ လေးဦးကို သ-တ်ဖြတ်ကာ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းမှာ အလောင်းသယ်သည့်ကားအား ထပ်မံမိုင်းခွဲ၍ လူ လေးဦးဒဏ်ရာရရှိစေခဲ့မှုတို့ကို ကျူးလွန်ခဲ့တဲ့ PDF တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံနှိမ်နင်းရာ နှစ်ဦးအသေဖမ်းမိပြီး သေနတ် လေးလက်နှင့်ဆက်စပ်ခဲယမ်းတွေပါ ဩဂုတ်လ ၁၃ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် ဩဂုတ်လ ၁၁ ရက်ညပိုင်းက PDF အဖွဲ့မှလူ ရှစ်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ(မင်းရွာ) ကျောင်းဝင်းအတွင်းရှိ အဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကြောင်နံအုပ်ချုပ်ရေးမှူးအပါအဝင်ရွာသား လေးဦးကို သ-တ်ဖြတ်ခဲ့တာပါ။ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းမှာလည်း မိတ္ထီလာတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး အလောင်းများအား သယ်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ယာဉ်နဲ့ မေတ္တာမွန်လူမှုကူညီရေးယာဉ်တို့ကို လက်လုပ်အဝေးထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင်လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသေးတယ်။
အဆိုပါ PDF အဖွဲ့များနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းပြီး နှိမ်နင်းတိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်)က PDF နှစ်ဦးကို အသေ ဖမ်းဆီးရမိကာ သေနတ်အရှည် သုံးလက်၊ ပစ္စတိုသေနတ် တစ်လက်နှင့်ဆက်စပ်သော လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံစုံစမ်းမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။