၁၄. ၈. ၂၀၂၃
Written by Nyein Kyaw
အသားငါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဩဂုတ်လ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ကဘက်စုံကဏ္ဍစုံမှ ကူညီအားပေးနေပြီး၊ လုပ်ငန်းရှင်များအနေဖြင့် အခြေအနေကောင်း အချိန်အခါကောင်းကို အမိအရအသုံးချပြီး မိမိတို့အကျိုးစီးပွားဖြစ်ထွန်းရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအပြင် မွေးမြူရေးထွက်ကုန် အခြေခံတန်ဖိုး မြင့် စားသောက်ကုန်ချောများ ထုတ်လုပ်တင်ပို့ရောင်းချနိုင်သည်အထိ လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
မွေးမြူရေးသုတေသနအနေဖြင့် ကုန်းနေသတ္တဝါဆိုင်ရာ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလကျော်တွင် ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာနှစ်သန်းခွဲကျော်သာရှိပြီး ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ပမာဏ ဒေါ်လာသန်း ၁၈၀ ကျော်သာရှိသည်။ ယခင်နှစ်ကာလတူထက် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၁၂ သန်းကျော်နှင့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ဒေါ်လာ ၂၄ သန်းကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။