
၁၃. ၈. ၂၀၂၃
Written by Nyein Kyaw
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ဖူးမြော်ခွင့်ပြုပေးခဲ့ပြီး ခြောက်ရက်အတွင်း အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ ၈၀,၀၀၀ ခန့် လာရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ဩဂုတ်လ ၁၃ ရက် ရုံးပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်တည်း ဘုရားဖူးပြည်သူ ၃၀,၀၀၀ ခန့်အထိ လာရောက်ဖူးမြော်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ ဩဂုတ် ၁၆ ရက်အထိ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပေးထားခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်မှ ၁၂ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ ၅၀,၀၀၀ ခန့် လာရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ဩဂုတ်လ ၁၃ ရက်(ယနေ့) ထုတ်ပြန်သည့် စာရင်းတွင် ၈၀,၀၀၀ ခန့်အထိ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း စာရင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံကော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပခဲ့သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋီတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါအဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ နာယူကြည်ညိုနိုင်ရေး စကျင်ကျောက်ချက်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ ရိုမန်အက္ခရာ Romanize Language တိုဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဝင်ရောက်လေ့လာ ဖူးမြော်သူများအား ဩဂုတ်လ ၁၇ ရက်မှ စတင်၍ အခကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားထားသည်။
“ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား၊ နိုင်ငံသား ခွဲခြားထားတာမရှိပါဘူး။ ဝင်ရောက်တဲ့ အခကြေးငွေနဲ့ ပတ်သက်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး နှုန်းထားသတ်မှတ်ထားတာမရှိသေးဘူး။ ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းကိုတော့ သင့်တင့်တဲ့ အခကြေးငွေနဲ့ ဝင်ရောက်လေ့လာခွင့်ပြုမယ်၊ ဖူးမြော်ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ပမာဏကတော့ ဘယ်လိုခွဲခြားမလဲဆိုတာတော့ စီစဉ်ဆောင်ရွက်ထားတာတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ့ပေါ်ရှိ ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များအနက် အကြီးဆုံးရုပ်ပွားတော် ဖြစ်သည့်အပြင် သယ်ယူပို့ဆောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များသည်လည်း အကြီးမားဆုံး ဆောင်ရွက်ချက်များဖြစ်ခဲ့သည်။





