၁၃. ၈. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံဟာ အလုပ်ကြိုးစားတယ်လို့ ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခုအခါမှာလည်း လူတွေရဲ့ အာရုံစူးစိုက်မှုနဲ့ အလုပ်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေအောင် နေ့ဘက်မှာ တစ်ရေးတစ်မောအိပ်စက်နိုင်ဖို့အတွက် “Giraffenap” လို့ခေါ်တဲ့ မတ်တပ်အိပ်စင်ကို ဂျပန်ကုမ္ပဏီတစ်ခုက တီထွင်ခဲ့ပြီး အခုအခါမှာ နိုင်ငံအတွင်းမှာ စတင်အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။
“Giraffenap” လို့ အမည်ပေးထားရတဲ့ အကြောင်းအရင်းကတော့ သစ်ကုလားအုတ်ရဲ့ မတ်တပ်အိပ်စက်ခြင်းကို ရည်ညွှန်းထားတာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ခက်ခဲကြမ်းတမ်းလှတဲ့ အချိန်ဇယားတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် ဂျပန်အလုပ်သမားတချို့ဟာ နေ့လည်ဘက်တွေမှာ ခေတ္တခဏ အိပ်စက်တတ်ကြပါတယ်။
လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သရွေ့ စွမ်းအင်တွေနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်မပေးနိုင်တာကြောင့် အဲ့တာတွေကို ဖြေရှင်းဖို့ ကုမ္ပဏီတစ်ခုက လူတွေ တစ်ရေးတစ်မောအိပ်ရတာ ပိုလွယ်ကူစေဖို့အတွက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကော်ဖီဆိုင်တွေမှာ ‘Gireaffenap’ လို့ခေါ်တဲ့ ဒေါင်လိုက်အိပ်စင်တွေကို စတင်တပ်ဆင်နေတာပါ။
“Gireaffenap” တွေဟာ ဒေါင်လိုက်အိပ်စင်တွေဖြစ်တာကြောင့် နေရာအနည်းငယ်သာယူပြီး ကော်ဖီဆိုင်ငယ်တွေနဲ့ စားသောက်ဆိုင်တွေမှာ တပ်ဆင်ဖို့ ပိုမိုလွယ်ကူစေပါတယ်။
“Gireaffenap” တစ်ခုစီမှာ အသုံးပြုသူက သတ်မှတ်နိုင်တဲ့ အချက်ပေးစနစ်အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးခေါင်း၊ တင်ပါး၊ ခြေသလုံးကြွက်သားတွေနဲ့ ခြေဖဝါးတွေအတွက် အသုံးပြုသူ အိပ်နေစဉ်မှာ မတ်တတ်အနေအထားကို ထိန်းသိမ်းထားဖို့ စနစ်တွေလည်း ပါရှိပြီး ဘယ်သူမဆို အသုံးပြုနေစဉ်အတွင်း ပြီးပြည့်စုံတဲ့ ကိုယ်ဟန်အနေအထားကိုရရှိစေဖို့လည်း အမြင့်ချိန်ညှိမှုစနစ်ပါရှိပါတယ်။
“Gireaffenap” ဟာ လောလောဆယ်မှာတော့ ရိုးရိုးအဖြူပုံစံနဲ့ ရိုးရာဝါးဒီဇိုင်းဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။ အဲ့ဒီနှစ်မျိုးစလုံးဟာ အသံကောင်းကောင်းလုံတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ဒီဇိုင်းထုတ်ထားတဲ့ အမျိုးမျိုးသောအသံတွေနဲ့ လေဝင်လေထွက်ကောင်းမွန်စေတဲ့စနစ်တို့လည်း ပါဝင်ပါတယ်။
Giraffenap ကို လက်ရှိမှာ ဂျပန်နိုင်ငံက ကော်ဖီဆိုင်အချို့မှာ စတင်အကောင်အထည်ဖော်နေပြီး ရလဒ်တွေက အပြုသဘောဆောင်နေမယ်ဆိုရင်တော့ အဲ့တာတွေကို တခြားနေရာတွေမှာလည်း တွေ့နိုင်မှာဖြစ်ပါတယ်။
Ref; Oddity Centra