၁၃. ၈. ၂၀၂၃
Written By Thandar
အူရီဒူးမြန်မာရဲ့ ၉ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ အူရီဒူးသုံးစွဲသူတွေကို ကံထူးရှင်တွေကို အများပြည်သူရှေ့မှောက် ရွှေ ၅ ကျပ်သားဆုတွေ ပေးအပ်ချီးမြှင့်ပွဲကို ဩဂုတ်၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ပါတယ်။
“ဒီ ၉နှစ်တာကာလအတွင်း အူရီဒူးရဲ့ ဝန်ဆောင်မှုတွေကို ယုံကြည်စွာအားပေးနေကြတဲ့ သုံးစွဲသူတွေ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးအပ်ပြီး လူမှုအသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ”လို့ အဆိုပါပွဲတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ အူရီဒူး “ချွင်ချွင်ချွင်” အစီအစဉ်ကို ဇွန်လနဲ့ ဇူလိုင်လတို့အတွက် ကံထူးခဲ့ကြတဲ့ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း နဲ့ ရှမ်းပြည်နယ်တို့ရှိ အူရီဒူးသုံးစွဲသူတွေထဲမှ ကံထူးခဲ့ကြသူတွေကို ရွှေသားဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဆိုတော် Jewel ကလည်း တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပြီး ကလေးတွေအတွက် ဂိမ်းဆော့ကစားခြင်းအစီအစဉ်တွေ ပါဝင်ဆင်နွဲ့ခဲ့ပါတယ်။
အူရီဒူးမြန်မာရဲ့ ၉နှစ်တာကာလအတွင်း ၂၀၁၄ ခုနှစ်က 3G ကွန်ရက် စတင်မိတ်ဆက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းကကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခမဲ့ကျန်းမာရေးဝန်ဆောင်မှု၊ အားကစားကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့းပိုးခြင်း၊ ၂၀၁၅ ခုနှစ်မှာ စာကြည့်တိုက်တွေကို ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအစီအစဉ်ကို စတင်ပံ့ပိုးခြင်း၊၂၀၁၆ ခုနှစ်မှာ 4G ကွန်ရက်စတင်ခြင်း၊ ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုဌာနခွဲတွေ တည်ဆောက်ဖို့ ပံ့ပိုးခြင်း၊ နည်းပညာခေတ်ရဲ့ပျိုမေများ အစီအစဉ်အတွက် အက်တာနက်ချိတ်ဆက်မှု၊ ၂၀၁၇ ခုနှစ်မှာ ပညာရေးနဲ့လူမှုအသိုင်းအဝိုင်းအတွက် မိနစ်များများပြောလေ အူရီဒူးများများလှူပေးလေ၊ ကိုဗစ်ဖြစ်ပွားချိန်မှာ Oxygen Concentrator အရေးပေါ်ဆေးဝါးတွေလှူဒါန်းခြင်း စတာတွေအပြင် ယခုနှစ်မှာတော့ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ ရေသန့်စက်၊ ၁မိနစ်ပြောတိုင်း တစ်ကျပ်လှူ အစီအစဉ်တွေနဲ့ လိုအပ်တာတွေလည်း ကူညီလှူဒါန်းပေးခဲ့ဖြစ်ပါတယ်။