၁၃. ၈. ၂၀၂၃
Written by Peya
တောင်ကျရေ နှင့် မိုးရေအဆက်မပြတ် ဝင်ရောက်သောကြောင့် မန်းချောင်း ရေလှောင်တမံတွင် ပင်မရေပိုလွှဲထက် ရေကျော်နေပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်ကလည်း အလားတူ ဖြစ်ခဲ့ဖူးကြောင်း ဒေသခံများထံ MT News သတင်းဌာနက မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
မန်းချောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၆၄၀ ရှိကာ ဆည်ရေပြည့်အမှတ်မှာ ၆၂၅ ပေ ဖြစ်ပြီး ယနေ့ ဩဂုတ် ၁၃ ရက်တွင် ၆၂၅ ဒသမ ၂၀ ပေသို့ ရောက်ရှိပြီး ပင်မရေပိုလွှဲထက် ဝ ဒသမ ၂၀ ပေအမြင့် အဖြစ် စတင်ရေကျော်နေခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့ အများပြည်သူတွေ သိနိုင်အောင်လို့ အလံစိမ်းလွှင့်ထူထားတယ်လို့ သိရပါတယ်။ ဆည်ရေ သောက် ဧရိယာထဲက ရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း အလံစိမ်းတွေ လွှင့်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ တုန်းကလည်း ရေကျော်တာ ဖြစ်ဖူးပါတယ်။ တာဝန်ရှိသူတွေက အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေကြပါတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများ အစိမ်းရောင် အလံလွှင့်ထားခြင်း ဖြစ်ကာ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
တမံအထက်ပိုင်းတွင် မိုးရေချိန် ဝ ဒသမ ၉၇ လက်မ ရွာသွန်းခဲ့သည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ် ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်းနှင့် တမံအခြေ အနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။