၁၃. ၈. ၂၀၂၃
Translated by Htwe Ko Tun
အာဏာသိမ်းတပ်ဖွဲ့မှ အုပ်ချုပ်လျက်ရှိသော အာဖရိကအနောက်ပိုင်းရှိ နိုင်ဂျားနိုင်ငံအား ပြင်သစ်စစ်တပ် မှလေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ဂျားတပ်ဖွဲ့ဝင် ငါးဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း နိုင်ဂျားနိုင်ငံ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်က ကြေညာခဲ့သည်။ သို့သော် ပြင်သစ်အစိုးရ အ ရာရှိများကမူ ထိုတိုက်ခိုက်မှုတွင် ပြင်သစ်က ပူးပေါင်းပါဝင်ခြင်းမရှိဟု ငြင်းဆိုခဲ့ကြသည်။
ပြင်သစ်တပ်ဖွဲ့များမနေဖြင့် ယခုအပတ်အစောပိုင်းက နိုင်ဂျားနိုင်ငံ လေကြောင်းပိုင်နက်အတွင်း ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ကြောင်း အာဏာသိမ်းနိုင်ဂျားတပ်ဖွဲ့များက စွပ်စွဲခဲ့သည်။ ၎င်းခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် နိုင်ဂျားတပ်ဖွဲ့များက ကြိုတင်ကာကွယ်မှု အဆင့်မြှင့်တင်ရန်နှင့် အသင့်အနေအထားရှိနေစေရန် ဆုံးဖြတ်ခဲ့ကြသည်။
သြဂုတ်လ ဒုတိယပတ်အတွင်း နိုင်ဂျားနိုင်ငံအားလေကြောင်းတိုက်ခိုက်မှု၌ ကျဆုံးခဲ့ရသည့် နိုင်ဂျားတပ်ဖွဲ့ဝင် ငါးဦးအား နောက်ဆုံးဂုဏ်ပြုပွဲကို မြို့တော် နိုင်ယာမီ၌ ကျင်းပခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကာ ဆေးရုံတင်ကုသခံနေရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က အာဏာသိမ်းယူမှုပြုခဲ့သော နိုင်ဂျားစစ်တပ်ဦးဆောင်သည့် အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်သည့် ECOWAS အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အမြုံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများက နိုင်ဂျားနိုင်ငံကို မကြာမီ ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ကြောင်းကြေညာခဲ့ကြသေးသည်။ ပြင်သစ်ကလည်း ထိုသို့ကျူးကျော်တိုက်ခိုက်မည်ဆိုခြင်းကို ထောက်ခံခဲ့သည်။ နိုင်ဂျားအာဏာသိမ်းအဖွဲ့က ထိုသို့ပြည်ပစွက်ဖက်မှုပြုလာလျှင် တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ပြန်လည်ကြေညာခဲ့သည်။
Ref—- avia.pro