၁၃. ၈ .၂၀၂၃
Written by Hey Mar
မန္တလေးမြို့ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်ကို အခု ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြုလုပ်သွားမယ်လို့ မန္တလေးမြောက်ပြင် ၇ ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
အိုးပုတ်ပွဲတော်ဟာ စီစဉ်ကြီးကြပ် ကမကထ ပြုလုပ်သူမရှိပါပဲ အစဉ်အလာဖြစ်တည်လာတာ နှစ်ပေါင်း ၁၀၀ ကျော်တိုင်ခဲ့ပြီလို့လည်း အကိုးအကားစာပေတွေအရရော ဒေသခံတွေဆီက ပြောစကားတွေအရပါ သိရှိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနဲ့ တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို သွားရောက်ရောင်းချကြမယ့် မန္တလေး အိုးဘိုရပ်က စဉ့်သည်၊ အိုးသည်တွေက ရှေးယခင် ရွှေတချောင်း ချောင်းရိုးအတိုင်းစုန်ဆင်းပြီး အိုးဘို ရွှေကျင်ရပ်မှာခရီးတစ်ထောက်နား ဈေးခင်းကျင်းကြရာကနေ ဖြစ်ပေါ်လာတဲ့ ပွဲတော်တစ်ခုလို့ သိရပါတယ်။
ကိုဗစ် ကပ်ရောဂါ စတင်တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ ပြည်တွင်းပဋိပက္ခတွေ စတင်လာတဲ့ ၂၀၂၁ ခုနှစ် ကာလတွေမှာ တောင်ပြုံးပွဲတော်ကို စည်စည်ကားကားမကျင်းပဖြစ်တဲ့အတွက် အခု ၂၀၂၃ ခုနှစ်မှာတော့ ရှေ့က အစဉ်အလာတွေအတိုင်း သြဂုတ်လ ၂၄ ရက်ကနေ ၃၁ ရက်နေ့အထိ ပြန်လည်ကျင်းပမယ်လို့လည်း သိရပါတယ်။
မန္တလေး မြောက်ပြင် ၇ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “တောင်ပြုံးကို ဈေးသွားရောင်းမယ့် အိုးသည်တွေ တစ်ထောက်နား ခင်းကျင်းကြတာ နှစ်တိုင်း ဝါခေါင်လဆန်း ၇ ရက် ၈ ရက်ဆို ဈေးသည်တွေရောက်ပြီ။ သရဲဈေးနားလေး ခင်းလိုက်ကြတာပေါ့။ ရပ်ကွက်နေအိမ်တွေကလည်း ဈေးသည်တွေ ကို ကျွေးမွေးရင်း စတုဒီသာလို ဖြစ်ပြီး နှစ်တိုင်း စည်စည်ကားကားဖြစ်သွားတာ”လို့ MT News ကို ပြောပါတယ် ။
အိုးပုတ်ပွဲတော်ကို မန္တလေးမြို့မြောက်ပြင်မှာ ရွှေတချောင်း ချောင်းကောပြီးဖြစ်လာတဲ့ အခုရွှေတချောင်းမြောင်း ဘေးတစ်ကြောနဲ့ ပတ္တမြားရပ်ကွက်မှာ ကျင်းပသွားမှာလို့ သိရပါတယ်။