၁၃. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ဆန္ဒအရဖြစ်စေ၊ ဆန္ဒမပါဘဲနှင့် ဖြစ်စေ အလုပ် အကိုင်ရပ်စဲမှုများသည် ၂၀၂၀ခုနှစ်မတ်လနောက်ပိုင်းကတည်းက တိုးမြင့်လာလျက်ရှိနေကြောင်း သြဂုတ် ၁၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ စစ်တမ်းတွင် ဖော်ပြထားကြောင်းသိရသည်။
ILOအဖွဲ့သည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရပ်စဲမှုနှင့် လုံခြုံစိတ်ချရသော ဝင်ငွေအကြောင်းတို့ကို စစ်တမ်းကောက်ယူပြီး မကြာသေးမီက ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ(၁) ရက် မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်အထိ ဆန္ဒအရဖြစ်စေ၊ဆန္ဒမပါဘဲနှင့်ဖြစ်စေ အလုပ်မှယာယီရပ်စဲခံရသူများအခြေအနေကို အဓိကထားကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါကာလအတွင်း အလုပ်အကိုင်ရပ်စဲမှုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ဆန္ဒအလျောက် အလုပ်မှနှုတ်ထွက်ခြင်းဖြစ်ပြီး၊ ၂၈ ရာခိုင်နှုန်းကအလုပ်ထုတ်ခံရမှုများဖြစ်ကြောင်း ILO ၏စစ်တမ်းကဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်တွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏အလုပ်အကိုင်ရပ်စဲမှုသည် ၂၃ ဒသမ ၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး၊ အလုပ်ထုတ်ပယ်မှုများ ၄၁ ရာခိုင်နှုန်း နှင့် အလုပ်မှနှုတ်ထွက်မှုမှာ ၂၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်းILOအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်သူဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်ရပ်စဲမှု ၃၉၂ရာခိုင်နှုန်းတိုးလာပြီး၊ ပညာရေးကဏ္ဍ၌ဖြစ်ပွားမှု အများဆုံး ဖြစ်နေကြောင်း ILOအဖွဲ့က ဖော်ပြထားသည်။
အလုပ်ထုတ်ခံရသူများအနက် အလုပ်ထုတ်ခံရသည့် အလုပ်သမား၏ ၂၉ ဒသမ ၅ ရာခိုင်နှုန်းသည် ဥပဒေအရပြဌာန်းထားသော အလုပ်ထုတ်နစ်နာကြေးကို ရရှိကြပြီး၊ အသက် ၁၅ နှစ် နှင့် ၂၄ နှစ်အရွယ်ကြားရှိ အမျိုးသမီးများနှင့် လူငယ်များသည် အမျိုးသားများနှင့် ဝါရင့်အလုပ်သမားများထက် ပို၍နည်းပါးသော အလုပ်ထုတ်နစ်နာကြေးကို ရရှိခဲ့ကြောင်းသိရသည်။ ILO မြန်မာ၏ဆက်သွယ်ညှိနှိုင်းရေးမှူးဖြစ်သူ Donglin Li က ”မြန်မာနိုင်ငံကအလုပ်သမားတွေဟာ တစ်မူထူးခြားစွာခက်ခဲတဲ့ အခြေအနေတွေကို အစုံလိုက်ရင်ဆိုင်နေကြရတယ်။ ဒီစစ်တမ်းက အလုပ်သမား အခွင့်အရေးတွေကို လေးစားဖို့နဲ့ ပေးနေတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးက တိုးတက်ကောင်းမွန်ဖို့လိုအပ်နေပြီဆိုတာကို ဖော်ပြနေတယ်” ဟုဆိုသည်။
Ref- — ILO