၁၂. ၈. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းမှာပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်က စွန့်ပစ်ခံခဲ့ရတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးငယ်မှာ အမျိုးသမီးရောဂါ သားအိမ်ကင်ဆာဖြစ်ပွားနေကြောင်း ဆေးစစ်ချက်အဖြေများအရ သိရှိရပြီး အသက်ရှင်သန် ကောင်းမွန်စွာနေထိုင်ရနိုင်မယ့် အခြေအနေနည်းတယ်လို့ ကူညီကယ်ဆယ်ထားတဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က MT News ကို ပြောပါတယ် ။
အဆိုပါအမျိုးသမီးငယ်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ကားတစ်စီးက သူ့ကိုတိုက်ပြီး ဆေးကုသပေးမယ်ဆိုကာ ကားပေါ်ခေါ်တင်လာခဲ့ပြီးကာမှ ဇေကမ္ဘာဝန်းအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက် ည ၇ နာရီခန့်က စွန့်ပစ်ထားခဲ့တာပါ။ ပုလဲအရန်မီးသတ်တပ်ဖွဲ့က အမျိုးသမီးငယ်ကို ဩဂုတ်လ ၉ ရက် ညပိုင်းမှာ ဇေကမ္ဘာဝန်း၊ ဇေကမ္ဘာ (၈) လမ်း လမ်းဘေးခြုံထဲမှာ တွေ့ရှိခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့တာလို့ သိရပါတယ် ။
“ကျွန်တော်တို့ ပုလဲမေတ္တာ အခမဲ့ဆေးခန်းမှာ သူ့ရဲ့ပြင်ပဒဏ်ရာတွေကို ဆေးကုသမှုပေးခဲ့ပြီး သူက နာတယ်၊ အောင့်တယ် အော်နေတော့ Ultrasound တွေဘာတွေ ရိုက်ကြည့်ပြီး တော့ သက်ဆိုင်ရာဆရာဝန်နဲ့ထပ်ပြတော့ သားအိမ်ကင်ဆာဖြစ်နေတာ အခြေအနေက အဆိုးဆုံးအဆင့်မှာရှိတယ်ဆိုတာတွေ့ရတယ်။ ပြည်တွေဘာတွေ မိန်းမကိုယ်ကကျနေ၊ အနံ့ အသက်ထွက်နေတာမျိုးတွေပေါ့။ ဆေးကုသမှုပေးပြီး နည်းနည်းအခြေအနေကောင်းလာရင်တော့ သဘာဝတရားရိပ်သာကို ပို့ပြီး အဲ့သည့်မှာဆေးကုသရင်း ဆက်နေထိုင်နိုင်အောင် လုပ်ပေးသွားဖို့ရှိပါတယ်။” လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုထင်လင်းအောင်က ပြောပါတယ် ။
လက်ရှိအချိန်အထိ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်လို့ မရသေးသလို တိုက်ပြေးပြီး စွန့်ပစ်သွားတဲ့ ယာဉ်ကိုလည်း စုံစမ်းဖော်ထုတ်လို့ မရသေးတဲ့အတွက် ပုလဲအရန်မီးသတ်ကပဲ စောင့်ရှောက်ကြည့်ရှု့ပေးထားတယ်လို့ သိရပါတယ်။