၁၂. ၈. ၂၀၂၃
Written by Min Mahar
ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် တပည့်သံဃာ နှစ်ပါး၊ ဒါယိကာမ တစ်ဦး၊ ယာဉ်မောင်းတို့အား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ချုပ်နှောင်ထားပြီး မော်တော်ယာဉ်ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုနန္ဒနှင့် တပည့်သံဃာ နှစ်ပါး၊ အလှူ ဒါယိကာမတစ်ဦး၊ ယာဉ်မောင်းအမျိုးသားတို့သည် မော်တော်ယာဉ်ဖြင့် ကလေးမြို့သို့သွားစဉ် ကလေးမြို့၏တောင်ဘက် ၁၅ မိုင်အကွာတွင်ရှိသည့် နတ်ချောင်းကျေးရွာအရောက်တွင် PDF များက ၎င်းဆရာတော်နှင့်အတူအားလုံးကို ဖမ်းဆီးသွားကာ မော်တော်ယာဉ်ကိုပါ ယူဆောင်သွားကြပြီး ကလေးမြို့နယ်၊ ကျားမင်းကျေးရွာရှိ အချုပ်ထဲတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
အမည်မဖော်လိုသော ဒေသခံရဟန်းတစ်ပါးက “အဲ့နတ်ချောင်းမှာ PDF တွေအများကြီးနေကြပြီး လူသ-တ် ဓားပြတိုက် ဆက်ကြေးကောက်တာတွေ မကြာခဏ လုပ်နေတာကြားနေရတယ်။ တပ်က ရောက်လာရင်ပျောက်သွားပြီး မရှိတော့ရင်ပြန်ပေါ်လာကြတယ်။ အခုလည်း ဆရာတော်နဲ့ တပည့် သံဃာ နှစ်ပါး၊ ဒါယိကာမ တစ်ယောက်၊ ကားဆရာနဲ့ ကားကိုပါ ယူပြီး အကုန်ဖမ်းသွားကြတယ်။ ပြီးရင် တပ်နဲ့အဆက်သွယ်ရှိလို့ ဖမ်းတာလို့ အကြောင်းပြကြဦးမှာ။ ဆရာတော်နဲ့အားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အမြန်ဆုံးပြန်ကယ်ပေးစေချင်တယ်”ဟု MT News သတင်းဌာနသို့ ပြောသည်။
ယင်း PDF အဖွဲ့များသည် ဩဂုတ်လ ၈ ရက်၊ ညပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မော်နီကုန်းကျေးရွာတွင် သက်တော် ၄၁ နှစ်၊ ဝါတော် ၂၀ ရှိသော ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာ (ဘကကျောင်းဆရာတော် ကျောင်းသား/သူ ၂၀၀ ကျော်ကိုစောင့်ရှောက်ပေးသူ)ကိုလည်း ဓားဖြင့် ရက်ရက်စက်စက်သ-တ်ဖြတ်ခဲ့သည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် PDF များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး ရှင်သာမဏေတစ်ပါး ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာရှိ “ရွှေပါရမီ” ဘုန်းကြီး ကျောင်း၏ လက်ထောက်ကျောင်းထိုင်ဆရာတော် (ဓမ္မစကူးလ်ဦးဆောင်သူ)အားလည်း PDF များက ဒလန်ဟုစွပ်စွဲကာ သ-တ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။