၁၂. ၈. ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် သရုပ်ဆောင်တွေနဲ့ ကြော်ငြာရိုက်ကူးမှုကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး (ဗဟို)မှာ ပြုလုပ်လျက်ရှိပါတယ်။
သက်ကြီးပူဇော်ပွဲအတွက် နှိုးဆော်ရေးကြော်ငြာကို သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဆောင်းအိန္ဒြေထွန်း၊ လှမျိုးသဉ္ဇာနွယ်၊ အိစိကွေး၊ ချောရတနာ၊ နေထက်လင်း နဲ့ စုဒါလီ၊ ပွင့်နဒီမောင်၊ စိုးရန်အောင်၊ စိုးသီဟ၊ ကျော်ကျော်၊ ရေကြည်ချမ်းမြ၊ အကယ်ဒမီ တင်ဆန်း (ကင်မရာမန်း)၊ ဒါရိုက်တာ ဇော်မြင့်ဦး နဲ့ တွဲဘက် အောင်ဩဘာတို့က ရိုက်ကူးတင်ဆက်ကြတာလည်းဖြစ်ပါတယ်။
“လက်ရှိကာလမှာ အနုပညာရှင်တွေက နယ်တွေ ရောက်နေကြတယ်။ သရုပ်ဆောင်တွေနဲ့ ကြော်ငြာရိုက်လိုက်ချိန်မှာ နယ်ရောက်နေသူတွေ သိပြီးတော့ ပိုက်ဆံလှမ်းပို့ပြီး ပါဝင်နိုင်ဖို့ ကြော်ငြာလေးရိုက်တာပါ။ အဝေးရောက်အလှူရှင်တွေအနေနဲ့ဂါရဝပြုကန်တော့ချင်တယ်ဆိုရင် ဖုန်းနံပါတ် 09-880896957 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ KBZPay နဲ့ လှူဒါန်းနိုင်တယ်။ မြန်မာရုပ်ရှင်က ၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တော့ ၁၀၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ သက်ကြီးပူဇော်ပွဲကတော့ ၄၆ ကြိမ် မြောက်သက်ကြီးပူဇော်ပွဲကို လုပ်ဆောင်မှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက ကျပ် ၁၀ သိန်း ၊ သရုပ်ဆောင် ဆောင်းယွန်းစံက ကျပ် သုံးသိန်း ယနေ့ ပါဝင်လှုဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ယခု ၂၀၂၃ ခုနှစ်ဆိုရင် သက်တမ်းအားဖြင့် ရာပြည့်ကျော်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ကြိုခေတ်၊ စစ်ကြီးအတွင်း ဂျပန်ခေတ်၊ စစ်ကြီးပြီးစ လွတ်လပ်ရေး ကြိုးပမ်းခေတ် စတဲ့ခေတ်အမျိုးမျိုးကို ဖြတ်သန်းပြီး မြန်မာ့ရုပ်ရှင်ဆိုတာ ပျောက်ပျက်မသွားအောင် ရုပ်ရှင်သက်ကြီးမိဘများက ပခုံးထမ်း ပခုံးပြောင်း ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြတယ်လို့ သိရပါတယ်။
လက်ဆင့်ကမ်း ကျေးဇူးတုံ့ပြန်ရင်း သက်ကြီးပညာရှင်တွေကို သက်ငယ်တွေက တပိုင်တနိုင်ကန်တော့ လာခဲ့ရာ ၂၀၂၂ ခုနှစ်အောက်တိုဘာ ၁၃ ရက်အထိဆိုရင် ၄၅ ကြိမ်ထိ အစည်းအရုံးဝင်းအတွင်းမှာပဲ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်မွေးနေ့ဖြစ်တဲ့ ယခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟန်းမြို့နယ်မှာ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။