၁၂. ၈. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြို့ရှောင်လမ်းမှာ ကုမ္ပဏီယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ဝန်ထမ်း အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု မနေ့က သြဂုတ်(၁၁)ရက် ည(၁၀)နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ သစ္စာရှင်လူမှုကူညီရေးသွေးလှူအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှာ မန္တလေးဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ပဲနို့ဖြန့်ချိတဲ့ ကုမ္ပဏီကားတစ်စီး ကျီးကန်ကျေးရွာထိပ်ရှိ လမ်းကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
“မိတ္တီလာမြို့ရှောင်လမ်း ကျီးကန်ရွာထိပ်က လမ်းကွေ့ဖြစ်တာကြောင့် အရှိန်နဲ့လာတာရော၊ ကားက ကုန်အလေးတွေပါတာရောကြောင့် မထိန်းနိုင်ပဲ လမ်းဘေးချောက်ထဲထိုးကျတာ။ ကားကတော့ အတော်ထိသွားပေမယ့် လူတွေက ဘာမှကြီးကြီးမားမားသိပ်မဖြစ်ဘူ။း လမ်းပေါ်ကို သူတို့ဘာသာကုတ်ပြီးတော့ ပြန်တက်လာပြီး အကူအညီတောင်းနိုင်ပါတယ်။”လို့စက်မှုဇုန်သပြေဝအခြေစိုက် သစ္စာရှင်လူမှုကူညီရေးသွေးလှူအသင်းတာဝန်ခံက MT News ကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲခါးနာကျင်ဒဏ်ရာများရရှိပြီး အတူပါဝန်ထမ်းက ခါးနာကျင်ဒဏ်ရာရရှိခဲ့တာကြောင့် စက်မှုဇုန်သပြေဝအခြေစိုက်သစ္စာရှင်လူမှုကူညီရေးသွေးလှူအသင်းက မြေပြင်ပြုစုကုသမှုတွေပြုလုပ်ပေးခဲ့ပြီး အသင်းပိုင်သူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။